နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၈ ရက်နေ့က ဓနုဖြူမြို့ လယ်ယာဝန်ဆောင်မှုစင်တာ၌ ကျင်းပသည့်ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သမား များနှင့်တွေ့ဆုံပွဲတွင် ဒေသခံတောင်သူလယ်သမားများ လူမှုဘဝမြင့်မား တိုးတက်ရေးအတွက် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး နည်းလမ်းရှာဖွေပေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၏ ဆွေးနွေးမှုများကိုတက်ရောက်လာကြသည့် ဒေသခံတောင်သူလယ်သမား ၁၉၆၃ ဦး၊ ဒေသခံဆန်စက်လုပ်ငန်းရှင်၊ ဆန်ကုန်သည်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော် ၄၀ဝ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ ဧည့်သည်တော် ၁၁၂ ဦး စုစုပေါင်း ၂၄၇၅ ဦးတို့ သိရှိနားလည်ခဲ့ကြသည်ဖြစ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အထောက်အပံ့ကောင်းများ ဖြစ်စေပါသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ထိပ်ဆုံးနေရာ တွင်ရှိနေပြီး ယခုအချိန်အထိ ဦးဆောင်လျက်ရှိပါသည်။ သို့သော်လယ်ယာစီးပွားဖွံ့ဖြိုးရေးတွင် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်၊ အထောက်အပံ့အကူအညီ စသည့်လိုအပ်ချက်များရှိနေကြောင်း တောင်သူများက ထုတ်ဖော်ဖွင့်ဟကြပါသည်။

လယ်ယာကဏ္ဍတွင် လိုအပ်သည့် စီမံကိန်းများ၊ ဓာတ်မြေဩဇာ၊ မျိုးစပါး၊ ရေနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေးအပါအဝင် လိုအပ်သည့် သိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ မျိုးကောင်း မျိုးသန့်ရရှိရေး၊ ဈေးကွက်ရရှိရေး စသည်တို့မှာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်စဉ်ဆက်မပြတ် လုပ်ကိုင်ပေးရမည့် အစီအစဉ်များဖြစ်သည်။ ယင်းတို့ကိုနိုင်ငံတော်က တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသော်လည်း ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုအခြေအနေအရ ကြုံတွေ့လာနိုင်သော အခက်အခဲတို့ကို တောင်သူလယ်သမားများကလည်း မျက်ခြည်မပြတ်လေ့လာပြီး နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် ဤသုံးချက်သည် အရေးအကြီးဆုံးဖြစ်၍ အရင်းအနှီးနှင့်ဈေးကွက်ကို ဝိုင်းဝန်းကူညီပံ့ပိုးပေးပြီး နည်းပညာကို အဓိကစိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများက ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ လက်တွေ့ကျကျ စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်ပါသည်။ နည်းပညာနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ်အသိပေးထုတ်ပြန်လျက်ရှိပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင်နည်းပညာများကို လွှမ်းခြုံရယူနိုင်ပေသည်။

မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသောပမာဏသည် ကျေးလက်ဒေသ များဖြစ်ပြီး ကျေးလက်ဒေသများအားလုံးသည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်လှသော လယ်ယာကဏ္ဍကို လွှမ်းခြုံဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော်လည်း ယနေ့ကာလတွင်နိုင်ငံတော်၏အကြီးအကဲကိုယ်တိုင် တောင်သူများနေထိုင်လုပ်ကိုင်ရာ ဒေသအရောက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ကွင်းဆင်းသွား ရောက်ကာ လယ်ယာကဏ္ဍ၌ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်တောင်သူများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်မှာ များစွာအကျိုးရှိထိရောက်သည်ဟု ရှုမြင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမည်ဖြစ်သလိုတောင်သူလယ်သမားဦးကြီးများကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ မိမိတို့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်း ကြရမည်ဖြစ်သည်။ လယ်ယာကဏ္ဍနှင့် ဆက်နွှယ်နေသည့် ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများကလည်း မိမိတို့၏အကျိုးစီးပွား၊ နိုင်ငံတော်၏အကျိုး စီးပွားနှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားတို့ကို မျှမျှတတ ရှေးရှုကာ မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ