နေပြည်တော်၊ နိုဝင်ဘာ ၂
(၁၅)ကြိမ်မြောက်ကျင်းပသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းကို ယနေ့နံနက်ပိုင်းက “လယ်ယာကဏ္ဍအတွက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်း က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မြင့်အောင်နှင့် ဦးအောင်ခိုင်မိုး ၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူ တို့က လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေ၏ အရေးပါမှု၊ ရာသီအလိုက် သီးနှံစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေ ပေးဝေရန် လိုအပ်ချက်များ၊ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှု၊ မြန်မာ့လယ်ယာ ကဏ္ဍတွင် ရေသွင်းစိုက်ပျိုးရေး ပါဝင်မှုအချိုးနှင့် လက်ရှိရေသွင်း စိုက်ပျိုးရေးလုပ်ငန်းများ၏ အခြေအနေ၊ စိုက်ပျိုးရေ အသုံးချသူအဖွဲ့(WUG) စိုက်ပျိုးရေအသုံးချသူများအသင်း WUA အဖွဲ့များ ဖွဲ့စည်း၍ ကောင်းမွန်သော ရေအသုံးချမှုအလေ့အထများ လိုအပ်မှုချက်၊ မြန်မာနိုင်ငံရှိ ဆည်ရေ သောက်ဧရိယာများတွင် ရေတစ်ယူနစ်၏ ထုတ်လုပ်မှုစွမ်းအား (Water Productivity) မြှင့်တင်နိုင်ရန် နည်းလမ်းများ၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်ကြွယ်ဝမှုနှင့် လက်ရှိအသုံးပြုမှု အခြေအနေ၊ ဆောင်ရွက်ပြီး ရေအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အလယ်ပိုင်း မိုးနည်းဒေသတွင် ရရှိနိုင်သမျှ သော ရေသယံဇာတကို ရပ်ရွာအခြေပြုစနစ်ဖြင့် စုစည်းသိုလှောင် နိုင်သည့် Rain Water Harvesting စနစ်နှင့် မြေအောက်ရေ ပြန်လည်ဖြည့်ဆည်းခြင်း လုပ်ငန်းများ၊ လက်ရှိကြုံတွေ့နေရသည့် ရေခွဲဝေအသုံးပြုခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုများ၊ မူလရေအသုံးပြုသည့်ပုံစံနှင့် ရေအသုံးပြုနိုင်သည့် အခွင့်အလမ်းများကို လေးစားလိုက်နာရန်လိုအပ်မှု၊ Water Right ကိုတိကျစွာ ပြဌာန်းနိုင်ရန် လိုအပ်မှုနှင့် ကြိုတင်ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)