နေပြည်တော် ဇန်နဝါရီ ၁၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ ဒေသခံ‌တောင်သူ (၉၀) ပိုင်ဆိုင်သည့် လယ်မြေဧက (၂၆၀ ဒသမ ၇၀) ကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်မြေအဖြစ် ဖော်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အချိန်မီစိုက်ပျိုးနိုင်စေရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည့် (၅၈) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ သို့တက်ရောက်ပြီး ဒုတိယဝန်ကြီးက တိုင်းဒေသကြီး ပြည်နယ်အားလုံး စိုက်ပျိုးကဏ္ဍ တပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံခန့်ခွဲရေး၊ စည်းရုံးရေး၊  နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို စိုက်ပျိုးပညာရှင်များက စနစ်တကျ စီမံဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာသုတေသီပညာရှင်များက စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်သုတေသနများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တောင်သူများက ခရမ်းချဉ်၊ ကြက်သွန်နီ၊ ငရုတ်မျိုးများနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခဌာနမှူးများ၊ ပညာရှင် ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း  သတင်းရရှိသည်။
သတင်းစဉ်