နေပြည်တော်၊ အောက်တိုဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး သာမက လယ်ယာကဏ္ဍ ပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၍ ပညာရပ်အသီးသီးတွင် ထူးချွန် ထက်မြက်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုလည်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်း တက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များအနေဖြင့် အထူးပြုဘာသာရပ်အလိုက် ထူးချွန်သူများ မွေးထုတ်ပေးရာတွင် သီးနှံတစ်ခုချင်းအလိုက်၊ နည်းပညာရပ် တစ်ခုချင်းအလိုက် ထူးချွန် သူများပေါ်ထွန်းလာရေး အတွက် စူးစူးစိုက်စိုက် ကြိုးပမ်းကြရန်လိုကြောင်း၊ သုတေသန ပြုလေ့လာတွေ့ရှိချက်များအပေါ် ဆွေးနွေး သုံးသပ်နိုင်ရန် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲများ၊ ဟောပြောပွဲများကို ဘာသာရပ်အလိုက် ကျင်းပပြီး လွတ်လွတ်လပ်လပ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့(Myanmar Academy of Agriculture , Livestock and Fisheries) ပြန်လည်ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေး ဆိုင်ရာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ခြင်းနှင့် အဆိုပါအဖွဲ့၏ ဦးဆောင်မှုဖြင့် သုတေသန ညီလာခံများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းသားများ၏ လေ့လာတွေ့ရှိချက် စာတမ်းများ တင်သွင်း နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ဘွဲ့ရရုံမျှ လေ့လာသင်ယူခြင်းမဟုတ်ပဲ အမှန်တကယ် အတွေ့အကြုံကောင်းရှိသော အရည်အသွေးပြည့်ဝသူများအဖြစ် ပေါ်ထွန်းလာ စေရန် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း။
ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် Industrial Revolution 4.0 ကို ကျင့်သုံးနေကြပြီ ဖြစ်သကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံများအနေဖြင့်လည်း ပိုမိုထိရောက်သော ခေတ်မီထုတ်လုပ်မှု လုပ်ငန်းစဉ်များပါဝင်သည့် Agricultura 4.0 ကို ပြောင်းလဲကျင့်သုံး နေကြပြီဖြစ်ရာ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍက ထူးချွန်ပြောင်မြောက်စွာ ပါဝင်စွမ်းဆောင်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက် နေကြသည့် သင်တန်းသား သင်တန်းသူများနှင့်အတူ ကော်ဖီနှင့် မုန့်များ သုံးဆောင်ကြပြီး သင်ကြားမှုနှင့် သင်ယူမှုဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)