နေပြည်တော်၊ ဩဂုတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံလယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များ  ဖြည့်ဆည်ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု တောင်သူဦးဖြိုးအောင်၏ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးသည်။
ဆက်လက်၍ ဒေသခံမိုးမြေပဲစိုက်တောင်သူများနှင့် တွေ့ဆုံကာ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး တောင်သူများကို ဟင်းသီး ဟင်းရွက်မျိုးစေ့များ ပေးအပ်သည်။
 ယင်းနောက် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူ ဦးတွမ်ခင်ဝင်း (Fun Hwa Co.,Ltd) ၏ နို့စားနွားမွေးမြူရေးခြံ၌ ဒေသနွားနှင့် နို့စားနွားကောင်ရေ (၂၀၀) ခန့် မွေးမြူထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးနေမှုကို ကြည့်ရှုအားပေးသည်။ 
အလားတူ ကံကြီးမွေးမြူရေးဇုန်ရှိ Win Family Co.,Ltd၏ အသားတိုးနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် ကံကြီးမွေးမြူရေး ဇုန်အတွင်း မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြသည့် မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသားကဏ္ဍတိုးတက်ထုတ်လုပ်နိုင်ရေး၊ ဇုန်အတွင်း သတ်မှတ်ကောင်ရေ ပြည့်မီအောင် မွေးမြူနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့အထူးမွေးမြူရေးဇုန်ရှိ မွေးမြူရေး သုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသနစခန်း (ရွှေမြို့) သို့ သွားရောက်ပြီး ဒေသနွားမများကို နို့စားနွားမျိုးအဖြစ် မျိုးမြှင့်သားစပ်၍ သားပေါက်နှုန်းနှင့် ကြီးထွားနှုန်း သုတေသနပြုခြင်း၊ ဒေသနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုကောင်းမွန်သော ဒေသအသားစား/ ဥစားကြက်မျိုး ရရှိရေး မျိုးမြှင့်သားစပ်ခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ  သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချ နည်းပညာအဖြစ် မွေးမြူသူတောင်သူများလက်ဝယ် အရောက် ဖြန့်ဖြူးပေးဝေရန် ဆွေးနွေးမှာကြားသည်။ 
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရွှေမြို့) ဘဲဥဖောက်စက်နှင့် မျိုးဘဲဥသို လှောင်ခန်းများကိုလည်းကောင်း၊   ဒေသနွားမျိုးထိမ်း မျိုးပွားခြံနှင့် ဘဲမွေးမြူရေးခြံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်