ရေတာရှည် ၂၇ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ဆွာချောင်းဆည်တမံမှ ဒီဇင်ဘာ ၁၀ ရက်မှစတင်၍ နွေစပါးစိုက်ပျိုးနိုင်ရန် ရေပေးဝေလျက်ရှိရာ တောင်သူများအနေဖြင့် လုပ်သားရှားပါးမှုအပြင် နေ့စားခ နှုန်းထားများ မြင့်တက်ခြင်းနှင့် ကြုံတွေ့နေကြရသည်ကို တွေ့ရှိရသည်။
တောင်သူများအနေဖြင့် မိုးရာသီကာလတွင် စိုက်ပျိုးသည့် စပါးများ ဖျက်ပိုးများကျရောက်ခြင်း၊ ရာသီဥတုမမှန်၍ ထွက်နှုန်းများကျဆင်းရသည့်အပြင် ဈေးနှုန်းကျဆင်းခြင်းကြောင့် တောင်သူတိုင်း လိုလို အရှုံးပေါ်ခဲ့ကြရသည်။ ထို့ကြောင့် မိမိတို့စိုက်ခွင့်ရသည့် နွေစပါးသည် ရာသီဥတု အနှောင့်အယှက် မရှိခြင်း၊ မြေဆီအဟာရပြည့်ဝသော ဆည်ရေဖြင့် စိုက်ပျိုးကြသည်အခါ တစ်ဧလျှင် တင်း ၉၀ မှ ၁၂၀ အထိ ထွက်နှုန်းကောင်းမွန်ခြင်းကြောင့် တောင်သူတိုင်းလိုလို နွေစပါးကို စိုက်ပျိုးလိုကြခြင်းဖြစ်ကြောင်း ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာနေ တောင်သူ ဦးဇော်မင်းခိုင်က ပြောသည်။
“နွေစပါးက ထွက်နှုန်းကောင်းတော့ အားလုံးက စိုက်ချင်ကြတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာက အလုပ်သမားက ငှားမရတာက တောင်သူတွေအတွက် အခက်အခဲတစ်ခုလိုဖြစ်နေတာ။ နေ့စားလုပ်တဲ့ လူတွေက ရွှံ့ထဲဗွက်ထဲမှာ ပင်ပင်ပန်းပန်း မလုပ်ချင်ကြဘူး၊ မြို့ပေါ်တက်ပြီး ပန်းရံအလုပ်တို့ ဘာတို့ကိုသာ စိတ်ဝင်စားကြတာ၊ အလုပ်သမားမရှိတဲ့အတွက် လယ်စိုက်ဖို့ရာက ပြီးသင့်တဲ့ရက် မပြီးဘဲ နောက်ဆုတ်ရတာတွေရှိတယ်”ဟု ၎င်းက ဆက်သည်။
စိုက်ပျိုးရေများ ဝင်ရောက်လာသည်နှင့် တောင်သူများအနေဖြင့် ထွန်စက်၊ လက်တွန်းထွန်စက်များဖြင့် ထွန်ယက်ခြင်း၊ လယ်ကန်သင်းဆယ်ကြခြင်း၊ စပါးကြဲငှားရမ်းရခြင်း၊ ပေါင်းမြက်ကန်သင်း ရှင်းလင်းခြင်း တို့ ဆောင်ရွက်ကြသည့်အခါ အလုပ်သမားတစ်ဦးအတွက် နေ့စားခ ၅၀ဝဝ ကျပ်အပြင် ထမင်းကျွေး ရသည်များလည်းရှိပြီး ငှားရမ်းလိုသည့် တောင်သူဦးရေနှင့် နေ့စားလုပ်သူ အရေအတွက် မမျှတခြင်းကြောင့် စောင့်ဆိုင်ရခြင်းများရှိရာ စိုက်ပျိုးရေးအတွက် အဆင်မပြေမှုများမှာ တောင်သူတိုင်း လိုလို ကြုံတွေ့နေကြခြင်းဖြစ်သည်။
ကိုလွင်(ဆွာ)