လယ်ယာလုပ်ငန်းသုံး စက်ယန္တရားများ တပ်ဆင်ထုတ်လုပ်ရေး

၂၁ ဖေဖော်ဝါရီ

လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌ လယ်ယာလုပ်သားများ ရှားပါးခြင်းသည် အဓိက ပြဿနာတစ်ရပ်အဖြစ် ပေါ်ပေါက်လျက်ရှိသည်။ လယ်ယာလုပ်သား ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုပါ နည်းလမ်းပေါင်းစုံအနက် လယ်ယာလုပ်ငန်းခွင်၌ စက်ယန္တရားများ အသုံးပြုခြင်းသည်လည်း နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ သို့သော် လယ်ယာလုပ်ငန်းသုံး စက်ယန္တရားတို့ကို ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ထုတ်လုပ်နိုင်စွမ်းမရှိ၍ ပြည်ပမှ ဝယ်ယူတင်သွင်းရပါသည်။ ပြည်ပမှ ဝယ်ယူ တင်သွင်းရသော စက်ယန္တရားတို့၌ စက်အရန်ပစ္စည်း အလွယ်တကူ မရရှိခြင်းနှင့် နည်းပညာပိုင်းအရ ဝန်ဆောင်မှု အားနည်းခြင်းတို့ကို ကြုံတွေ့ရတတ်ပါသည်။

 

ယခုအခါ စက်မှုဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံအခြေစိုက် CNH Industrial Services Ltd နှင့်ပူးပေါင်း၍ လယ်ယာလုပ်ငန်းသုံး စက်ယန္တရားတို့ကို ထုတ်လုပ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ စက်မှုဝန်ကြီးဌာန၏ လယ်ယာလုပ်ငန်းသုံး စက်ယန္တရားတို့ ထုတ်လုပ်ရေး လုပ်ငန်းစီမံကိန်း၌ CNH Industrial Services Ltd  နှင့်အတူ Convenience Prosperity Co.,Ltd (A Division of Yoma Strategic Holdings) ကလည်း ပါဝင်လက်တွဲ ဆောင်ရွက်မည် ဖြစ်ပါသည်။ လယ်ယာလုပ်ငန်းသုံး စက်ယန္တရားများ ထုတ်လုပ်ရေး စီမံကိန်းကို သာဂရရှိ သာဂရ အကြီးစားစက်ရုံ၌ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါစက်ရုံ၌ New Holland အမှတ်တံဆိပ် လယ်ထွန်စက် သုံးမျိုးကို တပ်ဆင်ထုတ်လုပ်သွားမည် ဖြစ်ပါသည်။

 

လယ်ယာလုပ်ငန်းသုံး စက်ယန္တရားများ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းစဉ်၌ စက်မှုလုပ်သားတို့၏ ကျွမ်းကျင်မှုသည် အခရာ လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ဤအခရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် သာဂရစက်ရုံ၌ တာဝန်ထမ်းဆောင်မည့် စက်မှုလုပ်သားတို့ကို အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ လေ့ကျင့် သင်ကြားပေးခြင်းသည် နည်းပညာ လွှဲပြောင်းပေးခြင်းတစ်မျိုး ဖြစ်ပါသည်။ အိန္ဒိယကုမ္ပဏီတို့သည် နည်းပညာကို ပြည်ပမှ ဝယ်ယူ၍ ပြည်တွင်း၌လည်း ကိုယ်ပိုင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနလည်း ထားရှိသည်ဖြစ်၍ နည်းပညာပိုင်းအရ စိတ်ချရသော လက်တွဲဖော်နိုင်ငံမျိုး ဖြစ်ပါသည်။ ဤသို့သော လေ့ကျင့်သင်ကြားမှုတို့မှ တစ်ဆင့် လယ်ထွန်စက်သုံး အစိတ်အပိုင်းတချို့ကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးမည်ဟု သိရှိရ၍ ကြိုဆိုဝမ်းမြောက်ရမည့် ခြေလှမ်းမျိုး ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏  အဓိက စီးပွားရေးကဏ္ဍဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ၌ လယ်ယာလုပ်ငန်းသုံး စက်ယန္တရားတို့ ထုတ်လုပ်နိုင်ရေးသည် အရေးပါသော လိုအပ်ချက်ဖြစ်၍ လယ်ထွန်စက်များ တပ်ဆင်ထုတ်လုပ်ရေးနည်းတူ အခြားသော လယ်ယာသုံး စက်ယန္တရားများ တပ်ဆင်ထုတ်လုပ်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။ လယ်ယာသုံး စက်ယန္တရားများ တပ်ဆင်ထုတ်လုပ်ရေး ဆောင်ရွက်ရာ၌ သာဂရစက်ရုံ စီမံကိန်းနည်းတူ နိုင်ငံတော်အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော ပုံစံသည် အလေးအနက်ထား သုံးသပ်သင့်သည့်ပုံစံ ဖြစ်ကြောင်းကိုလည်း တင်ပြလိုပါသည်။ နိဂုံးချုပ်အနေဖြင့် စက်မှုဝန်ကြီးဌာန၏ လယ်ယာသုံး စက်ယန္တရားများ တပ်ဆင်ထုတ်လုပ်ရေး ကြိုးပမ်းမှုကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ 

  
(ကြေးမုံ)