ထန်းတပင် ၁ သြဂုတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများအား စပါး စိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်နှင့် လယ် ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားများရှားပါးလာမှု အခက်အခဲများကို ပြေလည်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ရေပေါ်သောင်ကျေးရွာ၊ စနစ်ကျလယ်ယာမြေကွင်းတွင် ကြားပေါင်းလိုက်စက်( Power Weeder)ကို လက်တွေ့မောင်းနှင် ပြသပေးခဲ့ကြသည်။
“လယ်တစ်ဧကို ပေါင်းလိုက်မယ်ဆိုရင် ရိုးရိုးလုပ်သား(၁၀)ဦးလောက် သုံးရမှာပေါ့။ ကြားပေါင်းလိုက်စက် ( Power Weeder)နဲ့ကြတော့ တစ်ဧကကို တစ်ဦးတည်းနဲ့ရတယ်၊ အဓိကကတော့ လယ်ယာလုပ်ငန်းခွင်မှာ လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေဖို့အတွက်ပေါ့။ နောက်ပြီး တောင်သူ တွေအနေနဲ့ စက်ပစ္စည်းကိရိယာတွေကို ကိုင်တွယ်အသုံးပြုတော့မယ်ဆိုရင် အဆင်ပြေစေဖို့ အတွက် လည်းပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။
ကြားပေါင်းလိုက်စက် (Power Weeder) ကို လက်တွေ့မောင်းနှင်ပြသရာတွင် မြို့နယ် စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့မောင်းနှင် ပြသပေးခဲကြပြီး အဆိုပါပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ကြားပေါင်းလိုက်စက် (Power Weeder) ကို အသုံးပြုခြင်းအားဖြင့် လယ်ယာလုပ်ငန်းခွင်မှာ လယ်ယာလုပ်သား ရှားပါးလာမှု အခက်အခဲများကို ပြေလည်စေမည်ဖြစ်သလို စပါးစိုက်ခင်းများတွင် ပေါင်းမြက်များ ကင်းရှင်းစေခြင်း၊ တမန်းများ ပြန်လည်နှိုးပေးခြင်းအားဖြင့် စပါးအထွက်နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)