ပုလဲ ၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ပုလဲရတနာခန်းမ၌ လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း ၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၆ ရက် ၊ နံနက် ၁၀ နာရီ ၃၀ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေ ရောင်းချခြင်း ၊ လဲလှယ်ခြင်း ၊ ပေးကမ်းခြင်း ၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများကို ကြီးကြပ်ရာတွင် ဥပဒေ ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးဦးတင့်လွင်က သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေ နည်းဥပဒေ၂၄ (က)၊၄၇ ( ခ )နှင့် ၄၈( ဂ )တို့အရ စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကာယကံရှင်များ (သို့မဟုတ်) တရားဝင် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများမှ တင်ပြ လျှောက်ထား လာပါက တင်ပြစာချုပ်ပါ လယ်ယာမြေ တည်နေရာသည် မိမိတို့ စီမံခန့်ခွဲပိုင်ခွင့် ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုနယ်နိမိတ်အတွင်း ကျရောက်မှု ရှိ/မရှိ၊ ပုံစံ- ၇ပါ အမည်ပေါက် သူများ ( သို့မဟုတ် ) ပုံစံ - ၇ ပါ အမည်ပေါက်သူ၏ တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများမှ တင်ပြလာခြင်း ဟုတ်/ မဟုတ် ၊ စာချုပ် ချုပ်ဆိုသူများနှင့် သက်သေများသည် နိုင်ငံသား ဟုတ်/ မဟုတ်၊ စာချုပ်အား မြန်မာစာဖြင့် ရေးသားထားခြင်း ရှိ/ မရှိ၊ တင်ပြလာသော စာချုပ်တွင် မြေတည်နေရာကို မှန်မှန်ကန်ကန်ဖြင့် ရှင်းလင်းစွာ ရေးသား ထားခြင်း ရှိ/ မရှိ ၊ စာချုပ်တွင် ဖော်ပြထားသော ရောင်းချ / လဲလှယ် / ပေးကမ်း / ပေါင်နှံ / ငှားရမ်းသော မြေ၏ ဦးပိုင်အမှတ် တည်နေရာ၊ ဧရိယာများသည် စာချုပ်ချုပ်ဆိုရန် ပူးတွဲ တင်ပြထားသော မြေစာရင်းပုံစံ(၁၀၅)ပါ အတိုင်း ကိုက်ညီမှု ရှိ / မရှိ၊ စာချုပ်တွင် ဒေသန္တရ အခြေအနေ အရ သတ်မှတ်ထားသော တန်ဖိုးနှုန်းထားအပေါ် ကျသင့်သည့် တံဆိပ်ခေါင်း ခွန်များ ပြည့်စုံစွာ ကပ်နှိပ်ထားခြင်း ရှိ/ မရှိ၊ ငှားရမ်းစာချုပ်တွင် လယ်ယာမြေကို စိုက်ပျိုးရေး လုပ်ငန်းအတွက်သာ ငှားရမ်းခြင်း၊ ဟုတ်/မဟုတ်နှင့် ငှားရမ်းသည့်ကာလကို သတ်မှတ် ဖော်ပြထားခြင်း ရှိ / မရှိ ၊ ပေါင်နှံသည့် စာချုပ်တွင် ရွေးနုတ်ရမည့် ကာလကို သတ်မှတ် ဖော်ပြခြင်း ရှိ / မရှိ၊ လယ်ယာမြေဥပဒေပုဒ်မ ၁၄ အရ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) ပေးကမ်းခြင်း ဖြစ်ပါက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိထားခြင်း ရှိ/မရှိ နှင့် ပြသနာ အရှုပ်အရှင်းနှင့် ကန့်ကွက်သူ ရှိ/မရှိတို့ကို စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများ ၊ အတွင်း ရေးမှူးများနှင့် အဖွဲ့ဝင်များက လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း ၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ စာချုပ်ချုပ်ဆိုရန် တင်ပြလျှောက်ထားမှုများ အပေါ် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ဦးတင့်လွင်က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး( ပြန်/ဆက်)


