သိန်းညွန့် (P.Z.L)

 

ဇီးကွက်ဟု ဆိုလိုက်ပါက ပြူးကျယ်လှသောမျက်လုံးနှင့် ထူးခြားသော ပုံပန်းသဏ္ဌာန်ရှိသည့် သတ္တဝါကို မြင်ယောင်မိကြမည်ဖြစ်သည်။ ကိုယ်ထည်တုတ်ခိုင်သန်မာပြီး  ချိတ်ကောက်သဖွယ်   နှုတ်သီး၊ အားကောင်းသော ခြေထောက်နှင့် ခြေသည်းများရှိသည့် ဇီးကွက်သတ္တဝါသည် သိန်း၊ စွန်နှင့် လင်းယုန်ငှက်များကဲ့သို့ သားရဲငှက်ပင် ဖြစ်ပေသည်။

 

နံနက်စောပိုင်းတွင် ထူးထူးခြားခြား   ငြိမ်သက်စွာနေထိုင်လေ့ရှိကြသော ဇီးကွက်တို့သည် ညပိုင်းအခါသမယ၌ကား အခြားသော ငှက်များနှင့်မတူဘဲ ကျက်စားပျံသန်းကြသည့် သတ္တဝါဖြစ်သည်။ လည်ပင်ရိုးအဆစ် ၁၄ ဆစ်ရှိပြီး ဦးခေါင်းကို ၂၇၀ ဒီဂရီ လှည့်ပတ်နိုင်ကြသော ဇီးကွက်သည် ထူးခြားလှသော တောင်ပံဖွဲ့စည်းမှုကြောင့် ပျံသန်းနေစဉ်အတွင်း  ၎င်း၏တောင်ပံခတ်သံကို မကြားရချေ။ ဤသည်ကပင် သားကောင်များအား အငိုက်ဖမ်းကာ ဖမ်းဆီးစား သောက်ရန်အတွက်  အားသာချက်တစ်ခုအဖြစ် အသုံးဝင်လျက်ရှိသည်။

 

ကမ္ဘာတစ်လွှား ဇီးကွက်မျိုးစိတ် ၂၁၅ မျိုးရှိ

 

ကမ္ဘာတစ်လွှား သစ်တောများအတွင်း ဇီးကွက်မျိုးစိတ်ပေါင်း ၂၁၅ မျိုးရှိကာ ယင်းတို့အနက် လင်ကောင်ပိုးငှက်မျိုးစိတ် ၁၅ မျိုးပါဝင်ပြီး အရှေ့တောင်အာရှတွင် နှစ်မျိုးကျက်စားလျက်ရှိသည်။ယင်းနှစ်မျိုးကို လင်ကောင်ပိုး (Bars Owl) နှင့် ကိုင်းဇီးကွက် (Grass Owl) ဟူ၍ တွေ့နိုင်သည်။

 

သုတေသနပြုချက်များအရ ကမ္ဘာတစ်ဝန်း၌ ဇီးကွက်အစစ်အမှန် မျိုးစိတ်ပေါင်း ၁၈၇ မျိုး တွေ့ရပြီး ၂၄ မျိုးမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရပ်ဝန်းတစ်ခွင် ကျက်စားနေထိုင်ကြကြောင်း သိမှတ်ရသည်။

 

mdn

 

လယ်သမားများကို အကျိုးပြု

 

ဇီးကွက်သတ္တဝါသည် အဖျက်သတ္တဝါများဖြစ်သည့် လယ်ကြွက်များအပါအဝင် ကောက်ပဲသီးနှံများ ဖျက်ဆီးလေ့ရှိသော သတ္တဝါများကို ဖမ်းယူစားသုံးလေ့ရှိကြသဖြင့် လယ်ယာကဏ္ဍတွင် လယ်သမားများကို တစ်ဖက်တစ်လမ်းက အကျိုးပြုလျက်ရှိနေပေသည်။

 

မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ

 

ယခုအခါ မြို့ပြတွင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းကြောင့် ဇီးကွက်များမှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ဇီးကွက်များသာမက ဒေသရင်းမျိုးစိတ်အများစုအတွက် စားကျက်ဒေသများ အရည်အသွေး ကျဆင်းလာခြင်းနှင့် ဓာတုဗေဒပိုးသတ်ဆေးများ အန္တရာယ်များကြောင့်ပါ ထိခိုက်လာခဲ့ကြရသည်။

 

စားကျက်ဒေသ အမျိုးမျိုးရှိသည့်အလျောက် ဇီးကွက်မျိုးများ၏ ကျင်လည်ကျက်စားမှုမှာလည်း ကွဲပြားပေရာ နှင်းဇီးကွက် (Snowy Owl) သည် မြောက်ဘက်ဒေသအအေးပိုင်း၌ ကျက်စားပြီး ထင်းရှူးတော၊ သဲကန္တာရနှင့် လွင်ပြင်တို့၌ ကျက်စားသော ဇီးကွက်မျိုးများကိုလည်း တွေ့ရသည်။

 

mdn

 

အသံလုံလုံဖြင့်သွားလာနိုင်

 

လင်ကောင်ပိုး (ဇီးကွက်) သည် ညပိုင်းအချိန်တွင်သာ အစာရှာထွက်လေ့ရှိ​ကြပြီး အမှောင်ထုအတွင်း၌  အသံလုံလုံဖြင့် သားကောင်ရှိရာသို့  သွားလာနိုင်ကာ ဖမ်းဆီးကိုက်ချီလာတတ်ပြီး သားကောင်၏ ဦးခေါင်းကို စတင်စားသုံးလေ့ရှိ ကြသည်။ တစ်ညတာအတွင်း၌ပင် ကြွက်ခြောက်ကောင်မျှ ဖမ်းယူစားသုံးလေ့ရှိ၍ ကြွက်နှိမ်နင်းရေး လုပ်ငန်း၌ သားရဲသတ္တဝါအဖြစ် အသုံးချကြောင်း သိမှတ်ရသည်။

 

မြန်မာတို့အခေါ် ဇီးကွက်အဖြစ် မှတ်သားမိသောသတ္တဝါမှာ Spotted Owlet ဖြစ်ပြီး အထီးသည် အမများထက် ခန္ဓာကိုယ်သေးငယ်ကြသည်။ အမွေးအတောင်ထူပြော၍ ညပိုင်းမိုးရေထဲပျံသန်းလေ့ မရှိကြချေ။ အမများ အသိုက်အတွင်း သားပေါက်ချိန်၌ ဇီးကွက်အထီးများက အစာရှာဖွေကျွေးမွေး ပြုစုကြလေ့ရှိကြသည်။

 

အမြင်အာရုံခံစွမ်း အားကောင်း

 

ဇီးကွက်၏ထူးခြားချက်တစ်ရပ်မှာ အမြင်အာရုံခံစွမ်း အားကောင်းခြင်းပင်ဖြစ်သည်။ မျက်နှာရှေ့ဘက်တွင် ကြီးမား​သောမျက်လုံးနှင့် နားပေါက်ပါရှိသည်။ မျက်စိသည် အလင်းဓာတ် ပိုမိုဝင်ရောက်ကာ အမြင်စွမ်းအား ပို၍ကောင်းကြသည်။

မျက်နှာပြင်ပေါ်မှအမွေးအတောင်တို့က အဝေးတစ်နေရာမှ အသံကိုပင် ကြားနိုင်စွမ်းရှိရန် ထိန်းညှိပေးနိုင်သည်။ အခြားသော သားရဲငှက်များနှင့်မတူဘဲ မျက်နှာပြင်ရှေ့တည့်တည့်၌ မျက်စိတစ်စုံရှိနေ၍ ညပိုင်းအလင်းရောင် အားနည်းချိန်၌ပင် သားကောင်ကိုမြင်နိုင်စွမ်းရှိကြသည်။

 

သဘာဝဂေဟစနစ်ကို ထိန်းညှိ

 

 စင်စစ်အားဖြင့် ဇီးကွက်သည် သားရဲများဖြစ်သည်နှင့်အညီ  လယ်ယာမြေအတွက် အကျိုးပြုနေသည့် သတ္တဝါအဖြစ် သာမက သဘာဝဂေဟစနစ်ကိုပါ ထိန်းညှိပေးနေသည့် သတ္တဝါလည်း ဖြစ်ပါ၏။  သို့ဖြစ်ခြင်းကြောင့် ဇီးကွက်မျိုးစိတ်များ မြန်မာ့မြေပေါ်တွင် ရေရှည်ရှင်သန်ကျက်စားနိုင်ရေးအတွက် လူသားတစ်ရပ်လုံးက မဖြစ်မနေ ဝိုင်းဝန်းကူညီစောင့်ရှောက် ထိန်းသိမ်းပေးရန် လိုအပ်လျက်ရှိကြောင်း ပန်ကြားတိုက်တွန်းလိုက်ရပေသည်။