ကျောက်ထု၊ ၁၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက်အနီးရှိ ကွင်းအမှတ် (၉၈)ရှိ လယ်ယာ မြေ ဧက(၈၀)ကျော်သည် နှစ်စဉ်ရေတိုက်စားမှု ကြုံတွေ့နေရသဖြင့် အဆိုပါလယ်မြေများ ရေတိုက်စားမှု နှင့် ရေလွှမ်းမိုးမှုများမှ ကာကွယ်နိုင်ရေးအတွက် ရေကာနံရံတည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလယ်ယာမြေများသည် ချီချောင်းနံဘေးကပ်လျက်တည်ရှိပြီး မိုးတွင်းကာလများတွင် နှစ်စဉ် ရေတိုက်စားခြင်း၊ ရေလွှမ်းမိုးခြင်းခံကြရသော လယ်မြေများဖြစ်သည်။ အဆိုပါ ရေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြု ရံပုံငွေ ကျပ် သိန်း(၃၀၀)ဖြင့် ဆောင်ရွက်လျက်ရှိပြီး အလျား ပေ (၃၅၀)၊ အနံ (၂)ပေနှင့် အမြင့် (၁၁)ပေရှိ သံကူကွန်ကရစ် ရေထိန်းနံရံအဖြစ် ဆောက်လုပ်လျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၄၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။ လုပ်ငန်း ပြီးစီးပါက မိုးရာသီစိုက်ပျိုးကာလ၌ စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရာတွင် လယ်မြေ ရေတိုက် စားမှုနှင့် ရေလွှမ်းမှုကို အကာအကွယ်ပေးမည်ဖြစ်၍ စိုက်ပျိုးတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း သိရသည်။
(၁၄၄)


