မကွေး ၁၈ ဇွန်
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို ရောင်းချ၊ ပေါင်နှံ ၊လွှဲပြောင်းသည့်အခါ တန်ဖိုးအပေါ်မူတည်၍ အခွန် ကောက်ခံမှုများရှိနေပြီး ပုံစံ(၇)အမည်ပြောင်း လျှောက်ချင်သူများရှိသော်လည်း အခွန်နှုန်းများ၍ လျှောက်ထားသူ နည်းပါးနေကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဝင်းမော်ဌေး ထံမှ သိရသည်။
“ ဇွန်လ ၁ ရက်နေ့ကစလို့ လယ်ယာလုပ်ပိုင်ခွင့် ပုံစံ(၇)တွေကို လာရောက်ပြောင်းလဲလို့ရပြီလို့ ကြေညာခဲ့ပေမဲ့ လာရောက်ပြောင်းလဲသူ နည်းပါတယ်။ ပြည်တွင်း အခွန်ဦးစီးဌာနက ကောက်ခံတဲ့ အခွန်နှုန်းထား များပြားတဲ့အတွက် တောင်သူတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အရင်က အမည်ပြောင်းလျှောက်ချင်သူ များပြားပေမယ့် အခွန်နှုန်းများပြားလို့ လျှောက်ထားသူ နည်းပါးတာပါ ” ဟု ဝန်ကြီး ဦးဝင်းမော်ဌေး က ပြောသည်။
ပုံစံ(၇) အမည်ပြောင်းလျှောက်ရာ၌ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနသို့ အခွန် ၂ ရာခိုင်နှုန်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ခ ဝ ဒသမ ၅ ရာခိုင်နှုန်း ၊ ပြည်တွင်းအခွန်ဦးစီးဌာနကို ၇ ရာခိုင်နှုန်း ၊ စုစုပေါင်း ၉ ရာခိုင်နှုန်းကျော် ထမ်းဆောင်ရမည်ဖြစ်ပြီး ရာဖြတ်တန်ဖိုး ကျပ်သိန်း ၁၀ဝ ကို အခွန် ၉ သိန်းကျပ်ဝန်းကျင် ပေးဆောင်ရမည်ဖြစ်သည်။
“အခွန်ခများပြားတာကြောင့် မြေပြင်အနေအထားမှာ အခွန်ရှောင်ပြီး အရောင်းအဝယ်တွေပြုလုပ်ကြလို့ ပြဿနာတွေ ရှုပ်ထွေးနေပါတယ်။ အခွန်နှုန်းထားကို တောင်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ နှုန်းထားတစ်ခုကို လျှောချပေးမယ် ဆိုရင်တော့ နိုင်ငံတော်အတွက် အခွန်ငွေတွေရရှိမှာ ဖြစ်သလို တောင်သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်တယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး (စေတ္တရာမြို့နယ်) က ဆိုသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့တို့ကို အခွန်နှုန်းလျှော့ချပေးရန် ညှိနှိုင်း တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက တာဝန်ရှိသူကို တိုက်ရိုက် မေးမြန်းလျှင် ချက်ချင်း အဆင်ပြေနိုင်ကြောင်း ဝန်ကြီး ဦးဝင်းမော်ဌေး က ပြောကြားသည်။
ဇေယျတု(မကွေး)


