နေပြည်တော်  ၁၀ အောက်တိုဘာ

 

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်း ရေးဆွဲရေး(စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ပြည့်နှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်)အတွက် နည်းဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းများကို (စတုတ္ထအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် နည်းဥပဒေမူကြမ်း အပိုဒ် ၊ အပိုဒ်ခွဲအလိုက် အ‌သေးစိတ်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ယနေ့စတုတ္ထမူကြမ်း၌ပါဝင်သည့် ရွှေ့ပြောင်းတောင်ယာမြေ လုပ်ကိုင်ခွင့်ဆိုင်ရာအခန်းအား အဓိကထား၍ ဆွေးနွေးသုံးသပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်