နေပြည်တော် စက်တင်ဘာ ၁၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ‌ငွေပင်လယ် ရေလုပ်ငန်းစက်မှုဇုန်သို့ ရောက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ငါး၊ ပုစွန်များ ပြုပြင်ထုပ်ပိုးမှုူနှင့် အေးခဲမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လယ်ယာသားငါး ထွက်ကုန်များနှင့် ယင်းတို့ကို အခြေခံသည့် စားသောက်ကုန်များ ဈေးကွက်ရရှိရေး ကြိုးပမ်းရာတွင် အစားအစာ ဘေးကင်းလုံခြုံရေး အလေးထားထုတ်လုပ်ရန်၊ HACCP စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ရရှိထားပြီး စျေးကွက်များခိုင်မာရေးနှင့် စျေးကွက်ချဲ့ထွင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များကို တိတိကျကျ လိုက်နာကျင့် သုံးကြရန်၊ ရေထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်သော ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှုလုပ်ငန်းစဉ်များကို ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ငါး၊ ပုစွန်ထုတ်လုပ်မှုမှ ပြည်ပပို့ကုန်အဖြစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃၃၆၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း(၄၈၀)ကျော် ရှာဖွေေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မှော်ဘီမြို့နယ် ဝါးနက်ချောင်းအုပ်စု ရေတာရှည်ကျေးရွာရှိ Myanma Awba Group ၏ စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ခေတ်မီစက်ကိရိယာများဖြင့် တိုးချဲ့ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် လယ်ယာထုတ်ကုန်များဖြစ်စေရေး၊ ရေရှည်တည်တံ့သော လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သုံးစွဲသူတောင်သူများ၏ အကျိုးစီးပွားကို မျှော်မှန်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ စက်ရုံမှ စွန့်ပစ်သည့်ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုမရှစေရေးနှင့် ဒေသနေပြည်သူများအား အန္တရာယ်မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ပြည်တွင်း၌ ငါး၊ ပုစွန် ဖူလုံစွာစားသုံးနိုင်ရေးအပြင် ရေထွက်ကုန်များ ပြည်ပတင်ပို့ ခြင်းမှ နိုင်ငံခြားငွေ တိုးတက်ရှာဖွေနိုင်စေရန်နှင့် ပုဂ္ဂလိကရေလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)