နေပြည်တော်၊ ၃ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်၊ မွန်ပြည်နှင့် ရခိုင်ပြည်နယ် သမဝါယမဦးစီးဌာနများမှ ဌာနမှူးများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပြည်နယ် သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ သမဝါယမအသင်းသား တောင်သူများ လိုအပ်လျက်ရှိသော လယ်ယာသုံး စက်ကိရိယာများကို ဈေးနှုန်းအသက်သာဆုံးနှင့် ကာလရှည် အရစ်ကျရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူရာတွင် အသင်းသားများ၏ လက်ဝယ်အရောက် Running Condition နှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခက်အခဲများအပေါ် ဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ New Normal Life ပုံစံနှင့် လုပ်ငန်းများ လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကြောင်း သိရသည်။
သတင်းစဉ်


