ဗန်းမော် ၆ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသခံတောင်သူလယ်သမားများ လယ်ယာသုံး စက်ကိရိယာများ မောင်းနှင် ရာတွင် ကျွမ်းကျင်တတ်မြောက်စေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉၀) စက်မှုလယ်ယာစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးငြိမ်းသောင်းက တောင်သူလယ်သမားများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်အသုံးချနိုင်ရေး၊ စက်မှုအသိပညာများကို တတ်သိနားလည်ရမည်ဖြစ်ကြောင်း၊ ဒေသခံ တောင်သူလယ်သမားများ အနေဖြင့် လယ်ယာသုံး စက်ကိရိယာများကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ပြုပြင်ခြင်း စသည့် အခြေခံ နည်းပညာများကို သိရှိနားလည်ပြီး ကိုင်တွယ်ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ဝင်းက သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်ပြီး ဆက်လက်ပြောကြားခဲ့သည်။
သင်တန်းတွင် စက်ကိရိယာများကိုင်တွယ်မောင်းနှင်ထိန်းသိမ်းသည့်အခါ လိုက်နာရမည့်အချက်များ၊ လမ်းမနှင့် လယ်ကွက်အတွင်း မောင်းနှင်ရာ၌ သိရှိရမည့်အချက်များ၊ စက်ကိရိယာများကို ပြုပြင် ထိန်းသိမ်းခြင်း၊ စနစ်တကျ မြေဖော်ထုတ်နည်းလမ်း စသည်တို့ကို ဗွီဒီယိုမှတ်တမ်းများဖြင့် သင်တန်းသား (၃၀)အား ဇန်နဝါရီ ၆ရက်မှ ၁၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ( ပြန်/ဆက်)