အောင်လံ  ၁၇   စက်တင်ဘာ  


မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သရက်ခရိုင်၊ အောင်လံမြို့နယ် ဒါန်းစမ်း-ဂွေးချို- လက်မြှောင်ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ယနေ့နံနက် ၉ နာရီအချိန်က အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များက ဒါန်းစမ်း-ဂွေးချို- လက်မြှောင် ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေး လက်ရှိမြေပြင်အတိုင်းအတာ များ၊ ဆောင်ရွက်ရမည့် အခြေအနေများ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ဒါန်းစမ်း- ဂွေးချို-  လက်မြှောင် ကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်မည်ဆိုပါက အဆိုပါကျေးရွာများမှ ကျေးလက်လယ်ယာ ထုတ်ကုန်ဧက ၅၄၀ ကျော် အကျိုးပြုမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အောင်ကြီးက ပြောသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်  လမ်းအရှည်နှစ်မိုင်နှစ်ဖာလုံ၊ အကျယ်(၁၂)ပေ၊ ကျောက်ရောမြေတစ်ပေ၊ မြေနီကျောက်စရစ်ခင်းခြင်း ကိုးလက်မထုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးမိုးကျော်