နေပြည်တော်  ၈  ဇွန်

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်း စပါးစျေးနှုန်းဖြင့် ဝယ်ယူထားသော စပါးများအား ကြိတ်ခွဲပြီး ဆန်ပြန်လည်အပ်နှံပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ရန်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စပါးဝယ်ယူပေးနိုင်သော ကုန်သည်များကို တင်ဒါစနစ်ဖြင့် ၂၀၁၉ ခုနှစ်ထွက် စပါးများဝယ်ယူခြင်း၊ ဆန်စပါး ပြန်လည်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုပြီး တင်ဒါအောင်မြင်သူများအနေဖြင့် သဘောတူ စာချုပ်ပါ အချက်အလက်အတိုင်း လိုက်နာပေးစေလိုကြောင်း၊ ယခုနှစ်ဆောင်ရွက်သော လုပ်ငန်းစဉ်အောင်မြင်မှု ရရှိမှသာ လာမည့်နှစ်တွင် မိုးစပါးအခြေခံ စျေးနှုန်းသတ်မှတ်၍ တောင်သူများထံမှ ဝယ်ယူပေးနိုင်မည်ဖြစ်ကြောင်း၊  အခြေခံစျေးနှုန်း သတ်မှတ်ရန် မကြာခဏအစည်းအဝေးခေါ်ယူပြီး စီးပွားရေးရာကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် အခြေခံစျေးနှုန်းဖြင့် စမ်းသပ်ဝယ်ယူခဲ့မှုအပေါ် ပြန်လည်သုံးသပ်ပြီး အခြေခံစျေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဆက်လက်ဝယ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာချုပ်ဖောက်ဖျက်မိပါက ဉပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိလျှင်လည်း တင်ပြပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ စပါး၊ ဆန် ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များက စပါးကြိတ်ခွဲပြီးစီးမှု၊ ဆန်များပြန်လည်အပ်နှံပြီးစီးမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်တို့မှ ဆန်စပါးများအား ပိုးသတ်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)