နေပြည်တော် ၃  ဖေဖော်ဝါရီ

 

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌  ကျင်းပသည်။

 

အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ၂၀၁၉-၂၀၂၀ခုနှစ်အတွက် အခြေခံရည် ညွှန်းစပါးစျေးနှုန်းဖြင့် စပါးဝယ်ယူခြင်း ဆောင်ရွက်နိုင်ရန်အတွက် လှည့်ပတ်ရန်ပုံငွေ (၁၅) ဘီလီယံကျပ် တောင်းခံခဲ့ပြီး စပါးစျေးကျဆင်းလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးစပါးဝယ်ယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးစပါးဝယ်ယူနိုင်ရေးအတွက် ဦးဆောင်အဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် နွေစပါးဝယ်ယူပေးရန် လိုအပ်ကြောင်း တင်ပြလာမှုများရှိသည့်အတွက် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် နွေစပါးဝယ်ယူနိုင်ရေး စီမံချက်ရေးဆွဲပြီး အတည်ပြုနိုင်ရေးအတွက် အစည်းအဝေးကျင်းပခြင်း ဖြစ်ပါကြောင်း။

 

နွေစပါးဝယ်ယူ ရန်အတွက် လိုအပ်သောငွေကို မိုးစပါးဝယ်ယူမှုမှပိုလျှံသည့် လှည့်ပတ်ရန်ပုံငွေ အားထုတ်နှုတ်၍ ထပ်မံ လိုအပ်သည့် ရန်ပုံငွေကိုသာ ဦးဆောင်အဖွဲ့သို့ ဆက်လက်တင်ပြ တောင်းခံနိုင်ရေးအတွက် ယခုအစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအနေဖြင့် မိုးစပါး ဝယ်ယူရန်အတွက်ရရှိထားသည့် လှည့်ပတ်ရန်ပုံငွေမှ မည်မျှသုံးစွဲ၍ မည်မျှပိုလျှံကြောင်းကို ဆွေးနွေး ကြရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စပါးဝယ်ယူပေးရန်လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝယ်ယူပေးနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် နွေစပါးဝယ်ယူရေးစီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊ သိုလှောင်ရုံဌား ရမ်းခြင်းနှင့် ဆန်အာမခံထားရှိခြင်းနှင့် ပတ်သက်၍ တင်ဒါစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ မဆုံးရှုံးစေရေးအတွက် ဝယ်ယူရေးလုပ်ငန်းများကိုလည်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည် တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဆန်စပါးဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များက လက်ရှိစပါးဝယ်​ယူရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များနှင့် ဝယ်ယူရေးအစီအစဉ် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအမံများနှင့် ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အဆိုပါညှိနှိုင်း အစည်းအဝေးမှ နွေစပါးများထွက်ပေါ်ချိန်တွင် ဒေသပေါက်ဈေးသည် အခြေခံစပါး ဈေးနှုန်း တင်း(၁၀၀) လျှင် ကျပ် ၅၀၀၀၀၀/- နှုန်းအောက်ရောက်ရှိနေပါက ဆက်လက် ဝယ်ယူသွားမည်ဖြစ်ပါကြောင်း သိရသည်။

 

သတင်းစဉ်