အောင်လံ ၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရွာမထုံး ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များက ရွာမထုံးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်ပေးနိုင်ရေး လက်ရှိမြေပြင်အတိုင်းအတာများ၊ ဖောက်လုပ်ဆောင် ရွက်ရမည့် အခြေအနေများ၊ သတ်မှတ်လမ်းအကျယ်ရရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး တိုင်းတာမှု များပြုလုပ်ခဲ့ ကြောင်းသိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း များကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်စ၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ရွာမထုံးကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်မည်ဆိုပါက အဆိုပါကျေးရွာရှိ အိမ်ခြေ (၄၉၆)အိမ်၊ လူဦးရေ(၂၀၇၅)ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ဧက(၄၀ဝ)ကျော် အကျိုးပြုမည် ဖြစ်ကြောင်း၊ အဆိုပါ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီလွယ်ကူ လျင်မြန်စွာပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန် များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးကပြောသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ၂၀၁၉-၂၀၂ဝခု ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လမ်းအရှည် (၁)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့် (၉)လက်မထုကို အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


