ဇန်နဝါရီ ၇
မာဒါဂတ်စကာနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသော ဒေသများထဲတွင် မြို့တော် အန်တာနာနာရီဗိုပါဝင်ကြောင်း၊ စုစုပေါင်း လူ ၂၇၄ ဦး ထိခိုက်ခဲ့ပြီး လူနေအိမ် ၂၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးက ပြောကြားခဲ့သည်။
အန်တာနာနာရီဗိုမြို့ပြအသိုင်းအဝိုင်းက ပြည်သူလူထုအား အထူးသတိရှိရန်နှင့် ရှေးဟောင်း သို့မဟုတ် မလုံခြုံသော ရိုးရာအိမ်များတွင် နေထိုင်သော မိသားစုအားလုံး ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် တိုက်တွန်းထားသည်။
လာမည့်ရက်များအတွင်း နိုင်ငံအနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှုအခြေအနေများ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရပြီး တောင်ပိုင်းဒေသများတွင်လည်း မိုးရွာသွန်းမည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းတွင် တည်ရှိသော မာဒါဂတ်စကာသည် နိုဝင်ဘာလမှ မတ်လအထိ မိုးရာသီကို ကြုံတွေ့ရလေ့ရှိပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသော ပြင်းထန်သောရာသီဥတုကြောင့် အသက်ဆုံးရှုံးမှုများ၊ ဒေသခံများကို အိုးမဲ့အိမ်မဲ့ဖြစ်စေကာ စိုက်ပျိုးမြေဧရိယာများစွာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


