ဂျီနီဗာ ၂၂ ဧပြီ
မာလီ၌ အီဂျစ်ငြိမ်းချမ်းရေးထိန်းသိမ်းသူအား သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်သည်။
ကုလသမဂ္ဂအကြီးအကဲသည် ဘာကီနာဖာဆိုနယ်စပ်အနီးရှိ မာလီမြို့လယ်တွင် ဧပြီ ၂၀ ရက် နံနက်ပိုင်းက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ ယာဉ်တန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့မှုကို အသေးစိတ်ဖော်ပြသည့် ထုတ်ပြန်ချက်တစ်ရပ်ကို နယူးယောက်၌ ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂဘက်ပေါင်းစုံတည်ငြိမ် အေးချမ်းရေးမစ်ရှင်အဖွဲ့ (MINUS-MA)) မှ ယာဉ်များသည် မော့ပတီဒေသ အတွင်းရှိ ဒိုအန်ဇာနှင့် ဘိုနီအကြား လမ်းခရီးတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အပြာရောင်ဟဲလ်မက်ဦးထုပ်ဆောင်းထားသည့် အီဂျစ်မှ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဝင် များကပြန်လည်တိုက်ခိုက်ခဲ့ပြီး လုပ်ကြံသူ တစ်ဦးကို ပစ်သတ်ကာ အခြားရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ အီဂျစ်ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ဝင် သေဆုံးခဲ့မှုအတွက် အီဂျစ်အစိုးရနှင့် သေဆုံးသူ၏ မိသားစုဝင်များအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဂူတာရက်စ်က ပြောကြားလိုက်ပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုသည် နိုင်ငံတကာ ဥပဒေအောက်တွင် စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အေအက်ဖ်ပီ