ဘာမာကို ၂၁  မေ

 

ဘူကီနာဖာဆိုနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်မာလီနိုင်ငံ နယ်ခြားစခန်းတစ်ခုတွင် မေ ၁၉ ရက်က တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အရပ်သားလေးဦး၊ ရဲအရာရှိနှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်နှင့် မာလီအစိုးရ တာဝန်ရှိသူတို့က မေ ၂၀ ရက်တွင် ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

 

ကူရီဒေသရှိ နယ်စပ်စခန်းတွင် လက်နက်ကိုင်များက မေ ၁၉ ရက်ညပိုင်း၌ တိုက်ခိုက်မှုပြုခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ လက်နက်ကိုင်များမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း ၎င်းက ပြောကြားခြင်းမရှိပေ။

 

ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ အကောက်ခွန်အရာရှိတစ်ဦးနှင့် အရပ်သားလေးဦးတို့သေဆုံးပြီး အရပ်သားလေးဦးထဲတွင် ဂါနာလူမျိုးနှစ်ဦးတို့ ပါဝင်ကြောင်း၊ ဂါနာလူမျိုးနှစ်ဦးမှာ ကုန်တင်ယာဉ်ယာဉ်မောင်းများဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောကြားသည်။တိုက်ခိုက်ရေးသမားများသည် မော်တော်ဆိုင်ကယ်သုံးစီး၊ မော်တော်ယာဉ်တစ်စီးတို့ဖြင့် ရောက်ရှိလာကြောင်း၊ ၎င်းတို့က ရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိနှင့်ကုန်တင်ယာဉ်မောင်းများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်းနှင့် ၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းမှဖြစ်မည်ကို လတ်တလောတွင် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မာလီအစိုးရ တာဝန်ရှိသူက ပြောကြားသည်။

 

နယ်ခြားစခန်း ကူရီသည် မာလီနိုင်ငံတွင်းနှင့်ပြင်ပသို့ ကုန်ပစ္စည်းများတင်ပို့ရာ အဓိကကျသော နယ်စပ်ဖြတ်ကျော် စခန်းဖြစ်သည်။

 

မာလီနိုင်ငံ မြောက်ဘက်ပိုင်းသို့ ၂၀၁၂ ခုနှစ်အတွင်း က အစ္စလာမ္မစ်ဝါဒီ စစ်သွေးကြွများက သိမ်းယူထားစဉ်ကတည်းကပင် မာလီနိုင်ငံတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ပြင်သစ်တပ်ဖွဲ့များက ယင်းစစ်သွေးကြွများကို ၂၀၁၃ ခုနှစ်တွင် တိုက်ထုတ်ခဲ့သည်။

 

မာလီနိုင်ငံတွင်း၌ တည်ငြိမ်မှုပျက်ပြားခြင်းကို ပြန်လည်တည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင်မာလီအစိုးရနှင့် လက်နက်ကိုင်အုပ်စုများအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

အထူးသဖြင့် ဘူကီနာဖာဆိုနှင့် အိုင်ဗရီကို့စ်နိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မာလီနိုင်ငံ တောင်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

 

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အကြမ်းဖက်သမားများဟု သံသယမကင်းသည့် ဂျီဟတ်ဝါဒီလေးဦးကို မာလီလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည်မာလီ၊ ဘူကီနာဖာဆိုနှင့် အိုင်ဗရီကို့စ် သုံးနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေသည်ဟု ဆိုသည်။

 

အေအက်ဖ်ပီ