၂၅ မတ်
အာဖရိကနိုင်ငံ အနောက်ပိုင်း မာလီနိုင်ငံရှိအစ္စလာမ်ဘာသာဝင်အများစုရှိရာ ကျေးရွာတစ်ရွာကို လက်နက်ကိုင်အုပ်စုတစ်စုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
တောခုတ်ဓားများနှင့် သေနတ်များ ကိုင်ဆောင်ထားသော အုပ်စုတစ်စုက ဘာကီးနားဖားဆို နိုင်ငံနယ်စပ်အနီး မာလီနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာတစ်ရွာကို စနေနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးများနှင့် အမျိုးသမီးများ အပါအဝင် ၁၃၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုမှာ စိုက်ပျိုးမြေနှင့် ရေရရှိမှုအပေါ် လူမျိုးစုအုပ်စု နှစ်စု ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သော ခြောက်နှစ်က မြို့တွင်းပိုင်းမှ အစ္စလာမ်မစ် အစွန်းရောက်များကို ပြင်သစ် စစ်တပ်က နှင်ထုတ်ခဲ့သော်လည်း ၎င်းအစွန်းရောက်များက နောက်ပိုင်းတွင် အုပ်စုပြန်ဖွဲ့ပြီး တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ် က စနေနေ့က တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုတွင် ပါဝင်သူများကို တရားစီရင်ရန် မာလီအစိုးရကို တိုက်တွန်းခဲ့ပြီး မာလီနိုင်ငံကို ကူညီထောက်ပံ့မှု ပိုမိုလုပ်ဆောင်မည်ဟုလည်း ကတိပြုပြောကြားခဲ့သည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-အန်အိတ်ချ်ကေ