မာလကာသီး အစေ့ကနေ ရရှိနိုင်မယ့် ဆေးဖက်ဝင် အာနိသင် တချို့ကတော့ –
(၁) သွေးတိုးကိုကျစေနိုင်
မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးဖိအားကို ကျစေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးရှိပါတယ်။ ဒီဓာတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါ တွေ့ရနိုင်ပါတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ငျက်ပျောသီးမှာထက် ပိုတက်ဆီယမ် ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
ပိုတက်ဆီယမ်က သွေးနဲ့ သွေးဖိအားကို ထိန်းညှိရာမှာ အကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။
(၂) ဝမ်းချုပ်ခြင်းကို သက်သာစေ
မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ အစေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကို ကောင်းစေပါတယ်။ ဒါ့အပြင် အစာအိမ် အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေး
မာလကာသီးဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင်ပါတယ်။ သူ့မှာအများအပြားပါတဲ့ lycopene ပါဝင်မှုကြောင့်လည်း ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအတွက် အေးဆေးနေထိုင်သွားလို့ရသလို ရင်သားကင်ဆာလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
(၄) ကိုလက်စထရော ထိန်းချုပ်မှု
ဒါတွေအပြင် မာလကာစေ့ဟာ polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှာ အထောက်အကူပေးပါတယ်။
မာလကာစေ့တွေဟာ အမျှင်ဓာတ်လဲ ကြွယ်ဝတာကြောင့် အူအတွင်း သည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းမှ ကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။သို့သော် မာလကာစေ့တွေဟာ ကျောက်ကပ်မှာသွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုထိပဲ စားတာကောင်းပါတယ်။
ဒါကတော့ မာလကာစေ့က ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး တစ်ချို့ကို အခုလို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။
ရေးသားသူ-Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”