မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်ရှိ မီးပြတိုက်အနီး ဆင်ပြောင်အမည်ရ သင်္ဘောတစ်စီးနှစ်မြုပ်၊ လူ ၁၈ ဦး ပျောက်ဆုံးလျက်ရှိ

မာန်အောင်  ၁၁  ဖေဖော်ဝါရီ 

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်(မာန်အောင်ကျွန်း)၏ အနောက်မြောက်ဘက်ရှိ ဇီးတောကျေးရွာနှင့် ရေမိုင်(၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် ဆင်ပြောင်အမည်ရ သင်္ဘောမှာ လူ ၂၅ ဦးပါဝင်ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီ ခွဲ အချိန်ခန့်က နှစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ပျောက်ဆုံးနေကြောင်း မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

IMG-44dfe8

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မီးပြတိုက်ဦးစီးဌာနပိုင် ဆင်ပြောင်ရေယာဉ်ပေါ်၌ ရေယာဉ်မှူး ဦးထွန်းထွန်း၊ ကျန်လူပေါင်း ၂၃  ဦးနှင့် မာန်အောင်မီးပြတိုက်မှ ဒေသခံနေ့စားဝန်ထမ်းတစ်ဦး၊ စုစုပေါင်း ၂၅ ဦး တို့သည် မီးပြတိုက်မြောက်ဘက်ရေမိုင် တစ်မိုင်ခန့်အကွာတွင် ကျောက်ချညအိပ်နားနေစဉ် ယနေ့ နံနက် ၄ နာရီ အချိန်ခန့်က ဘေးလှိုင်းရိုက်ခတ်မှုများကြောင့် ရေယာဉ်အတွင်း မှန်ပြူတင်းပေါက်များ ကွဲအက်၍ ရေများဝင် ရောက်လာသဖြင့် သင်္ဘောမှာ ဝဲဘက်သို့ တိမ်းစောင်းကာ နှစ်မြုပ်နေစဉ် သင်္ဘောပေါ်မှ ဝီစီမှုတ်သံများကြောင့် မီးပြတိုက်ဌာနမှူး ဦးအေးလွင်တို့အဖွဲ့မှ ဒေသသုံးငါးဖမ်းစက်လှေ(၂)စီးဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့ရသည်။

 

IMG-cd8eac03

 

ယင်းသို့ ကယ်ဆယ်မှုကြောင့် လူ ၂၅  ဦးအနက် ၇ ဦးအား ကယ်တင်နိုင်ခဲ့ပြီး ရေယာဉ်မှူး ဦးထွန်းထွန်းပါ ၁၇ ဦး နှင့် ဒေသခံနေ့စားဝန်ထမ်းတစ်ဦး၊ ပေါင်း ၁၈ ဦးတို့မှာ သင်္ဘောနှင့်အတူ နှစ်မြုပ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

 

ယင်းသင်္ဘောနှစ်မြုပ်ရာနေရာသို့ ယနေ့ နံနက် ၁၁ နာရီ မိနစ်၂၀  အချိန်ခန့်က သက်ဆိုင်ရာ တာဝန်ရှိသူများ  ပျောက်ဆုံးနေသော (၁၈) ဦးအား ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ အသက်ရှင်လျှက် ကယ်တင်နိုင်သော သင်္ဘောသားများအား အမှတ်(၁၉) ရှေ့တန်းရေတပ်စခန်းမှ ဆေးမှူး ဗိုလ်ကြီးရဲပြည့်က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး၊ ကယ်ဆယ်ရေးအဖွဲ့မှလည်း သောက်ရေသန့်ဘူး၊ ခေါက်ဆွဲခြောက် စသော အစားအသောက်များ ပေးအပ်ခဲ့ပြီး ပျောက်ဆုံးနေသော ရေယာဉ်မှူး ဦးထွန်းထွန်းနှင့်(၁၇)ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရှိရသည်။

 

MDN

 

IMG-7e7adcc3