မာန်အောင်မြို့နယ်၌ သင်္ဘောနစ်မြုပ်မှု စုံစမ်းလေ့လာခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၁၃ ဖေဖော်ဝါရီ 


ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်က  မာန်အောင်မြို့နယ်၊ ဇီးတော ကျေးရွာ၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်၏မြောက်ဘက် ရေမိုင် ၁.၅ မိုင်ခန့် အကွာတွင် စမ်းချောင်းမြို့နယ်နေ ဦးထွန်းထွန်း(၄၅)နှစ်(ရေယာဉ်မှူး)ပါ(၂၅) ဦး လိုက်ပါလာသည့် အလျား ပေ ၁၈၀ ၊ အနံပေ  ၄၀ ၊ ရေစူး ၁၁ ပေရှိ "ဆင်ပြောင်" သင်္ဘောသည် ကျောက်ချရပ်နား၍ မီးပြတိုက်ပြုပြင်ရန် ကျွန်းပေါ်၌ ညအိပ်အခြေပြုနေသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးပြတိုက်ဌာနခွဲမှူး ဦးအေးလွင် ပါ(၈) ဦးအား စောင့်ဆိုင်းနေစဉ် လှိုင်းရိုက်ခတ်မှုကြောင့် ရေအောက်ကျောက်ဆောင်နှင့် တိုက်မိပြီး သင်္ဘောဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်သွားသဖြင့် ဦးအေးလွင် တို့အဖွဲ့မှ ငါးဖမ်းစက်လှေ ၂ စီးဖြင့် သွားရောက်ကယ်ဆယ်ခဲ့ရာ ဗိုလ်တထောင်မြို့နယ်နေ ဦးမိုးလွင်(၄၈)နှစ်ပါ ကျား ၇ ဦးအား ကယ်ဆယ်ရရှိခဲ့ကြောင်း၊  ဦးမြတ်မော် ပါ ကျား(၂)ဦးမှာ သေဆုံးသွားပြီး ဦးထွန်းထွန်းပါ ကျား (၁၆)ဦး ပျောက်ဆုံးလျက်ရှိသည်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၃ နာရီ ၄၀ မိနစ်ထိ အမှတ် (၁၉)ရေတပ်စခန်း မှ တပ်မတော်သားများ၊ မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝေ၊ မာန်အောင် မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှာဖွေခဲ့ရာ ဇီးတောကျေးရွာအနီး ပင်လယ်ကမ်းခြေနေရာများတွင် ရေယာဉ်မှူး ဦးထွန်းထွန်း ပါ ကျား ၇ ဦးနှင့် ပျောက်ဆုံးစာရင်းတွင် မပါရှိသော ဦးထွန်းဦး(၆၂)နှစ်တို့၏ အလောင်းများအား တွေ့ရှိခဲ့သဖြင့် ဦးထွန်းထွန်းအား ဆားချက်နယ်မြေရဲစခန်းမှ အရေးယူထားကြောင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရန်ကုန်)မှ အထွေထွေ မန်နေဂျာ ဦးဇော်ထွန်းလွင် ပါ ရေငုပ်သမား ၂၁ ဦးအဖွဲ့က ဇီးတောကျေးရွာကမ်းခြေသို့ရောက်ရှိပြီး နစ်မြုပ်သင်္ဘောအားရှာဖွေခြင်း၊ ဖြစ်စဉ်အား စုံစမ်းလေ့လာခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။


MDN