မာနတွေ အားပြိုင်ကြတဲ့ " ငယ်ကျွန်" ရုပ်ရှင်ဇာတ်ကား ဇန်နဝါရီ ၂၆ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၃ ဇန်နဝါရီ  

မေတ္တာရောင်ပြန် ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်တင်ဆက်ရိုက်ကူးပြီး ၊ ဇာတ်လမ်း - မြိတ်တင်အောင်၊ ဇာတ်ညွန်း အင်ကြင်းဟန်တို့ ဖန်တီးရေးသားထားသော ဇာတ်အိမ်ကို ဒါရိုက်တာ ဝင်းထွန်းထွန်း၏ အနုပညာပြချက်များကို တွေ့မြင်ရအုံးမည့် "ငယ်ကျွန် " ရုပ်ရှင်ဇာတ်ကားကြီးကို ယခုလ (၂၆) ရက်တွင် စတင် ရုံတင်ပြသသွားမည်ဟု သိရသည်။အဆိုပါဇာတ်ကားတွင်  အကယ်ဒမီလူမင်း၊ အောင်ရဲလင်း၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ စုမြတ်နိုးဦးနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည် ။       

ဒါရိုက်တာ ဝင်းထွန်းထွန်း      

ကျွန်တော် ဇာတ်တစ်ခုလုံး ခြုံကြည့်လိုက်ရင်၊ သရုပ်ဆောင်တွေရဲ့ အပိုင်းကအစ ပြောစရာမရှိလောက်အောင်ကို ကျွန်တော် ကျေနပ်မိပါတယ်။ ဇာတ်ကားထဲမှာပါဝင်တဲ့ သူတွေရဲ့ ကာရိုက်တာတွေကို ဘယ်သူက ဘယ်ကာရိုက်တာနဲ့ လိုက်ဖက်တယ်ဆိုတာကို ကျွန်တော်နဲ့အတူ အားလုံးဝိုင်းဝန်းကူညီ တိုင်ပင်ပြီး ရွေးချယ်ခဲ့ကြတယ်။ အဲ့လိုရွေးချယ်ခဲ့တဲ့ အတိုင်းပဲ တကယ်ကို ကျေနပ်အားရမှုတွေ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို စရိုက်ကတည်းက ကျွန်တော် ပင်ပန်းရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ်၊ ပရိသတ် အတွက်လဲ အမှန်တကယ် အားပေးမှုမျိုး ရရှိမယ့် ဇာတ်ကားလို့ မျှော်လင့်ထားခဲ့ပါတယ်။ 

အကယ်ဒမီလူမင်း

ဒီကားထဲမှာ ကျွန်တော်က ကျော်သာဆိုတဲ့  ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်၊ ကျွန်တော့်ကို ငယ်ငယ်က ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းကနေ မွေးစားသားအဖြစ်နဲ့  ကျွေးမွေးစောင့်ရှောက်ပြီး ပညာလည်း ပြည့်စုံတဲ့အခါ သူတို့ရဲ့ သမီးဖြစ်တဲ့ ဝတီဦး ( မကြီးစိုး) ပေါ့နော် သူနဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်၊ သူ့ကိုကျွန်တော်က အကြင်လင်မယားအဖြစ် ပေါင်းသင်းလာခဲ့ကတည်းကစပြီး သူ့ကိုချစ်တော့ သူရဲ့နှိမ့်ချစွာ ဆက်ဆံတာကို သားလေးတစ်ယောက်မွေး တဲ့အထိ နေထိုင်ခဲ့တယ်၊ နောက်ဆုံး  ကျွန်တော်က သားရဲ့ ချစ်သူ ကောင်းမလေးနဲ့ ချစ်သူဖြစ်ပြီး မာနကြီးတဲ့ ဝတီဦးကို လက်တုန့်ပြန်တဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။

အကယ်ဒမီစိုးမြတ်သူဇာ

ဒီကားကြီးက မကြီးနဂိုအတိုင်းပဲ သရုပ်ဆောင်နေကျပုံလေးပေါ့နော်၊ အင်မတန်မာန ကြီးတဲ့  ဝတီဦးဆိုတဲ့ မိန်းမတစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ မကြီးရိုက်ချင်တဲ့ ကာရိုက်တာထဲက တစ်ခုဆိုလဲ မမှားပါဘူး၊ အတ္တကြီးပြီး ကိုယ်က လူတွေကို မတူသလို မတန်သလို ဆက်ဆံတက်တာပေါ့နော်။ ငယ်ငယ်ကတည်းက ကျော်သာနဲ့  လက်ထပ်တော့လဲ မိဘတွေကြောင့် ယူလိုက်ရတာ သူ့ကို တစ်သက်လုံး ကိုယ့်ရဲ့ငယ်ကျွန်ဆိုပြီး စိတ်ကသတ်မှတ်ထားတာပေါ့၊ တစ်ကားလုံး ငိုရတာများတယ် နောက်ပိုင်းတွေ သားဖြစ်သူ မောင်မောင် (အောင်ရဲလင်း) ကြောင့် ရော၊ ယောကျာ်းဖြစ်သူ ကျော်သာကြောင့်ပါ ကိုယ့်ရဲ့မာနတွေကို အစော်ကားခံရတာပေါ့နော်၊ တကယ်ကို ပရိသတ် အကြိုက်တွေ့မယ့်ကားလို့ မကြီးထင်ပါတယ်။

အောင်ရဲလင်း

ကျွန်တော်က ဒေါ်ဝတီဦး နဲ့ ဦးကျော်သာတို့ရဲ့ တစ်ဦးတည်းသောသား နေရာကနေ သရုပ်ဆောင်ထားပါတယ်၊ အမေက မာနအရမ်းကြီးတယ် အဖေက အထူးကုသမားတော်ကြီး ဒါပေမယ့် အမေကိုသူက ချစ်ကြောက် ရိုသေနေရတဲ့ပုံပေါ့နော်၊ မထင်မှတ်ဘဲ ကျွန်တော်က သာမန် မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့တယ် ဒါကို အမေက သဘောမတူဘူး ကျွန်တော်နဲ့ အဲဒီကောင်မလေး တရားရုံးမှာ လက်ထပ်ဖို့ လုပ်တာကို အမေက အမျိုးမျိုးကန့်ကွက်ပြီး မရ ရအောင် ခွဲခဲ့ကြတယ် သူ့သားကို ဆင်းရဲတဲ့ သာမန်မိန်းကလေးနဲ့ ဘယ်လိုမှ သဘောမတူဘူးပေါ့၊ နောက်ဆုံး ကောင်မလေးကြောင့် တစ်သက်လုံး အမေစကားကို မြေဝယ်မကျနားထောင်ခဲ့ပေမယ့် အမေကို အရွဲ့တိုက်ပြီး မိမိလုပ်ချင်တာတွေ လျှောက်လုပ်တဲ့သူအဖြစ် ပါဝင်ထားပါတယ်။

ရွှေမှုံရတီ

"ယိမ်း" ဆိုတဲ့  ဆင်းရဲပြီး မာနကြီးတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်၊ ဒေါ်ဝတီဦးဆိုတဲ့ အမျိုးသမီးကို ကလဲ့စားချေခြင်တဲ့ စိတ်ကြောင့် ကိုယ့်ရဲ့ဘဝကို ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ မှုတွေ အောက်မှာထားပြီး၊ ကလဲ့စားချေတာပေါ့နော်၊ မောင်မောင်ကို  ယိမ်းက တကယ်ချစ်တယ် ဒါပေမယ့် ယိမ်းနဲ့ မောင်မောင်တို့  ချစ်ခြင်းကိုခွဲခဲ့တဲ့ ဒေါ်ဝတီဦးက သူ့သားကို တကယ်ချစ်ရင် ဒဏ်ရာတစ်ခု လုပ်ပြဆိုလို့ ကိုယ့်နဖူးကို ပုလင်းကွဲနဲ့ ခြစ်ပြခဲ့တယ်။ ဒါပေမယ့် သူ့သားနဲ့ လုံးဝသဘောမတူဘူး မတန်ဘူးဆိုတဲ့ ပုံစံနဲ့ ဆက်ဆံတာကိုခံခဲ့ရလို့ တစ်နေ့ ကိုယ့်ရှေ့မှာ ဒူးထောက်ရအောင် လုပ်မယ်ဆိုပြီး၊ ဦးကျော်သာကို တွဲပစ်လိုက်တယ် နောက်ဆုံး မောင်မောင်နဲ့ သူ့အမေ ဒေါ်ဝတီဦးတို့  ကိုယ့်ရဲ့ မာနကြောင့် အသက်ပါစွန့်လွှတ်ရတဲ့အထိ ကလဲ့စား ချေခဲ့တယ်ပေါ့နော်။

ကိုလင်း