နေပြည်တော်၊ မတ် ၁၁

 

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် (Gold Camp)နှင့် (Youth Camp) တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိမြားပစ် လေ့ကျင့်ရေးကွင်း၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

 

ယနေ့ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ပြည့်စုံနှင်းက ပထမ၊ ကောင်းခန့်မော်က ဒုတိယနှင့် သီဟထက်ဇော်က တတိယ၊ Compound တစ်ဦးချင်းရှုံးထွက်ပွဲစဉ်တွင် ဇင်သူရိန်မှူးက ပထမ၊ အောင်ကိုဦးက ဒုတိယနှင့် စုစုလှိုင်က တတိယတို့ ရရှိသည်။

 

ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အတိုးတက်ဆုံးအားကစားသမားဆု ရရှိခဲ့ကြသည့် ပြည့်စုံနှင်း (Gold Camp)နှင့် ချိုချိုဇင်(Youth Camp)၊ Recurve/Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများက ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြားပစ်အားကစားနည်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အားကစားသမားများအား နေ့လယ်စာပြင်ဆင်ကျွေးမွေးနေမှုနှင့် စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အားကစားလှုပ်ရှားမှု ပြခန်းနှင့် အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့်  နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားဟောင်းကြီးများ၏ ပုံတူရုပ်တုများပြခန်းကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ပြခန်းများရေရှည်တည်တံ့စေရေး၊ မှတ်တမ်း/မှတ်ရာများ စနစ်တကျရှိစေရေးနှင့် ပျက်စီးမှုများမရှိစေရေး အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်