နေပြည်တော် ဇူလှိုင် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် အုပ်ထိန်းသူ မိဘများ လာရောက် ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါအဖွဲ့ကို တာဝန်ရှိသူများနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင် ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်း သူများ၊ ဆရာ/ဆရာမများနှင့် အုပ်ထိန်းသူ မိဘများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်နှင့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


