နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီး အား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီး စုစုပေါင်း အလေးချိန်မှာ တန် ၁၇၀၀ ရှိပြီး ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင် ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ရတနာပလ္လင် တော်ထက်သို့ ဆက်လက် ပင့်ဆောင်ပူဇော်ရန် ကျန်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း(၄) အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပင့်ဆောင်ရေး လုပ်ငန်းစဉ်များ အလိုက် ပင့်ဆောင်ခဲ့ရာ ယနေ့ နံနက် ၂ နာရီ ၄၃ မိနစ်တွင် ရတနာ ပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင် ခဲ့ပြီးဖြစ်သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်း၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူ ပရိသတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌ သင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာ များကို ကမ္ဘာကပါ သိရှိနိုင်ရေး အတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထုဆစ် ပူဇော်ထားရှိသည့် ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင် တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသော သာသနိကအဆောက်အဦ များကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိသည်။
မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများ၊ သာသနိက အဆောက်အဦများ တည်ဆောက်ရေး လုပ်ငန်းများကို တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး ညချမ်း ချိန်ခါများတွင်လည်း အများပြည်သူ ကြည်ညိုသပ္ပာယ်ဖွယ် မီးများထွန်းညှိ၍ အလင်းပေး ပူဇော်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
