နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်သည်။
တက်ရောက်
မဟာမင်္ဂလာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးညိုစော၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်ကာ ဖွင့်လှစ်ကြပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့် နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ ပင့်ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍စုစည်းခြင်းများကို ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က မသိုးရွှေကြာ သင်္ကန်းတော်များကို ဆက်ကပ်လှူဒါန်းကြကာ ဥပါသကာများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ဆက်ကပ်ပူဇော်သည်။ ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် အခမ်းအနားမှူးက မသိုးရွှေကြာ သင်္ကန်းတော် ကပ်လှူပူဇော်ခြင်း မင်္ဂလာစာတမ်းကို ရွတ်ဖတ်ပူဇော်သည်။
ကပ်လှူပူဇော်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် တက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကာ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလ အခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့ အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။ မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းခြင်းများကို နှစ်စဉ်အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုအမှူးပြုသည့် ခုနစ်ရက်သားသမီးများက ယခုနှစ်တွင်လည်း ဒုတိယအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


