မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို
နေပြည်တော် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်းနှင့် စာသင်တိုက်တို့မှ သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ဉီးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာအဖွဲ့တို့က ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့မှုနှင့် ရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်း ပြောကြားပေးမှုအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ယင်းနောက် ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ကြသည်။
ထို့နောက် ဘုရားဖူးလာ အဖွဲ့တို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များနှင့် အခြားသာသနိက အဆောက်အဉီများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညို ကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။
သတင်းစဉ်