နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးလာမိဘ ပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို ဖတ်ရှုလေ့လာနိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာတွင် ကျောက်စာရုံစေတီအဆူ ၇၂၀ ကို စနစ်တကျ တည်ဆောက်ထားရှိပါသည်။ ကျောက်စာရုံစေတီ တစ်ဆူချင်း၏အတွင်းတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးထားသော ကျောက်စာနှစ်ချပ်စီအား လေ့လာဖတ်ရှုနိုင်စေရေး ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရေးထိုးပူဇော်ထားရှိပါသည်။
ကျောက်စာရုံစေတီများကို တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြား အရပ်ဘက်ကျွမ်းကျင်ပညာရှင်များက ခေတ်မီစက်ပစ္စည်းကိရိယာများ အသုံးပြု၍ စနစ်တကျ တည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီ အဆူ ၇၂၀ အား ရှုထောင့်ပေါင်းစုံမှ သပ္ပာယ်စွာဖြင့် ယခုလိုကြည်နူးစွာ ဖူးမြော်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှ စ၍ ၁၆ ရက်နေ့အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက် ကာ အခမဲ့ဝင်ရောက် ဖူးမြော်ချိန်၌ ကျောက်စာရုံ စေတီတော်များ၏ တရားတော်များနှင့် ဗိသုကာလက်ရာ၊ အင်ဂျင်နီယာပညာရပ်များကို ဖူးမြော်လေ့လာနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော် အပ်ပါသည်။
သတင်းစဉ်