မန္တလေး ၁၅ ဇန်နဝါရီ

MAB ဆေးရောင်ခြယ် Run ပွဲတော်အတွက် စာနယ်ဇင်းအပ်နှံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Hilton Hotel တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အဖွင့်အမှာစကားပြောကြားပြီး MAB မှ Chief Operating Officer ဦးမျိုးသက်နိုင်က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ MAB Strategy and Planning ဌာနမှ Vice President ဒေါ်ခိုင်မမမွန်မှ ပွဲနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြှင့်က “ MAB ဆေးရောင်ခြယ် Run” ပွဲတော်နှင့် ပူးပေါင်းပါဝင်ဖြစ်ပုံ၊ မြို့တော်သန့်ရှင်းရေး၊ နေရာချထားရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် စီမံထားပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

“MAB ဆေးရောင်ခြယ် Run” ပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြေးလမ်းသည် Hilton Hotel Mandalay ၊ မန္တလေးကျုံးအရှေ့ဘက်တစ်လျှောက်မှ ရွှေမန်းတောင်ဂေါက်ကွင်းအထိ (၅)ကီလိုမီတာခန့် ကွာဝေးကြောင်း၊ ပြေးလမ်းတစ်လျှောက်တွင် ပက်ဖျန်းအသုံးပြုမည့် ရောင်စုံမှုန့်များမှာ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုသော နိုင်ငံတကာအသိမှတ်ပြု ကာလာမှုန့်များဖြစ်ကြောင်း၊ ပြိုင်ပွဲမှ လက်မှတ်ရောင်း၍ ရရှိသည့်ငွေများကို မြန်မာ့ပညာရေးမဏ္ဍိုင် တိုးတက်ရေးရည်ရွယ်ချက်ဖြင့် လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်လိုပါက လက်မှတ်တစ်စောင်လျှင် ၅၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားသော MAB ဘဏ်ခွဲများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

တင်ဇာလှိုင်