၅ စက်တင်ဘာ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အခြေပြု၍ ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော MAI လေကြောင်းလိုင်းတွင် အသုံးပြုရန်အတွက် Airbus A320-214 အသစ်တစ်စီးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် လေယာဉ်သစ်အား MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မောင်းနှင်လာသည့် လေယာဉ်မှူးများကို လေယာဉ်မယ်များက ဂုဏ်ပြုပန်းစည်းများပေးကာ ကြိုဆိုကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။
MAI လေကြောင်းလိုင်းသည် International Air Transport Association ၏ IOSA အသိအမှတ်ပြုလက်မှတ် ရရှိထားကာ ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသည့် သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်သည့် မြန်မာနိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ MAI လေကြောင်းလိုင်းတွင် Airbus သုံးစီးဖြင့် ပြည်ပခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ တိုးချဲ့ပြေးဆွဲရန် Airbus လေယာဉ်သစ်လေးစီး မှာယူထားရာမှ ပထမအသုတ်အနေဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အောက်တိုဘာလဆန်းတွင် အမေရိကန်နိုင်ငံမှ Airbus A319 တစ်စီးမှာ ဒုတိယအသုတ်ဖြင့် ထပ်မံရောက်ရှိလာမည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဘုန်းသော်


