ဘားအံ အောက်တိုဘာ ၃

 

ဘားအံမြို့နယ် မဲဘောင် - ရသဝေါ် - လှာကမြင် - သာနုံး - ကော့ထော် ကျေးရွာချင်းဆက် လမ်းနှင့် သိမ်တော်ကြီး - ကမော့ကစင်လမ်း ဖောက်လုပ်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ မိုးများသည့် ဒေသဖြစ်သည့်အတွက် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လမ်းပိုင်းကြာရှည်ခိုင်ခံ့ ကောင်းမွန်မှု ရှိစေရေး Box Culvert များ စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန် မှာကြားခဲ့သည်။

 

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် တပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီမရွေး သွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

 

mdn

 

မဲဘောင် - ရသဝေါ် - လှာကမြင် - သာနုံး - ကော့ထော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် စုစုပေါင်းအရှည် ၃ မိုင် ၆ ဖာလုံရှိပြီး ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ သိမ်တော်ကြီး - ကမော့ကစင်လမ်းသည် အရှည် ၁ မိုင် ၇ ဖာလုံ၊ အကျယ်ပေ ၃၀ မြေသားလမ်းဖြစ်ပြီး ဘားအံမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ဖောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်