မဲစာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၉ ဇန်နဝါရီ  

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) အဖွဲ့တို့ပူးပေါင်း၍ မဲစာရင်းပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 

 

သင်တန်းဖွင့်ပွဲသို့ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ IFES မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသား၊ သင်တန်းသူ (၁၄၇) ဦး တက်ရောက်သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာ၌ လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်ပြေးညီဆောင်ရွက်ရေးနှင့် Excel ဖြင့် မဲစာရင်းဖြည့်သွင်းခြင်းကို လေ့ကျင့်သင်ကြားပေးမည့် သင်တန်းဖြစ်ကြောင်း၊ မဲစာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တို့တွင်  တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ ရွေးကောက်ပွဲတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး မဲစာရင်းပြုစုခြင်း လမ်းညွှန်စာအုပ် ပြုစုရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်များ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တစ်ပြေးညီ ဖြစ်မည်ဖြစ်ပြီး နောင်ရွေးကောက်ပွဲများအတွက်လည်း မူသေစနစ်ဖြင့် ပြုစုနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုခြင်းနှစ်အဖြစ် သတ်မှတ်၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယနေ့သင်တန်းတွင် မဲဆန္ဒရှင်စာရင်းနှင့် စပ်လျဉ်းပြီး ပြုစုရမည့်ပုံစံများ၊ ကောက်ယူရမည့် အချက်အလက်များနှင့် Excel ဖြင့် စာရင်းရေးသွင်းခြင်းတို့ကို သင်ကြားမည်ဖြစ်သည့်အတွက် အလွန်အရေးကြီးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာသူများ အနေဖြင့် သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်ရှိ မဲစာရင်းပြုစုမည့်အဖွဲ့များကို ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြား ပို့ချပေးရမည်ဖြစ်၍ ကျွမ်းကျွမ်းကျင်ကျင်ရှိရန် လိုကြောင်း၊ မဲစာရင်းဆိုင်ရာ အချက်အလက်များကို Excel ဖြင့် ဆောင်ရွက်ရာ၌ သတ်မှတ်ချက်အတိုင်း မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ထားမှသာလျှင် အသစ်ရေးဆွဲမည့် Software အတွင်း ထည့်သွင်းရာ၌လည်း လွယ်ကူမှန်ကန်မည်ဖြစ်ကြောင်း၊ ယခု သင်တန်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းကို မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် အခြေခံဖြစ်၍ သင်တန်းသားများအနေဖြင့် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် ကြိုးစားသင်ယူကြရန်လိုကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသဖြင့်  တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲအရာရှိများမှ အစဉ်တစိုက် ဆောင်ရွက်နေရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် IFES မှ Country Director Mr. Paul Guerin OBE က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသားများကို အုပ်စု (၃)စုခွဲ၍ ပို့ချမည်ဖြစ်ပြီး သင်တန်းကို ဇန်နဝါရီ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)