နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်း ပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည် ရွေးကောက်ပွဲ အတွက် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မဲစာရင်းများမှားယွင်းမှု ရှိခဲ့သည့်အတွက် ကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကို အလေးထားသည့် အတွက် မြေပြင်ကွင်းဆင်းစာ ရင်းကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အဆင့်ထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မဲစာရင်းပြုစုရာတွင် လိုအပ်သည့် လိုအပ်ချက်များ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်က မြေပြင်စာရင်းကောက်ယူရေး ကော်မတီဖွဲ့စည်းမှုနှင့် ဆောင်ရွက်ခဲ့မှု၊ မြေပြင်စာရင်းကောက်ယူရရှိမှု အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေ စာရင်း(ပထမမူကြမ်း) ပေးပို့ခဲ့မှုအခြေအနေ၊ ဆန္ဒမဲပေးရာတွင် အဓိကကျသည့် နိုင်ငံသားစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်များဆောင်ရွက်မှု၊ နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များနှင့် ပါတီဝင်အင်အား စိစစ်မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည့်အစီအစဉ်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့် ရရှိရေးအတွက် ကျန်လပ်မှုမ ရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်ရေးဆောင်ရွက် ရာတွင် တွေ့ရှိရသည့်လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)