မအီ ဇူလိုင် ၁၈

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ၂၀၂၃ ခုနှစ် မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စုရှိ ကျေးရွာများမှ အကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ အတွင်းရေးမှူး၊ မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိုးမင်းက ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေကျေးရွာ၌ အကျိုးဆောင်တောင်သူ ဦးနိုင်နိုင်စိုက်ပျိုးနေသော Rs - Cs မျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးနေမှုများနှင့် ကျောက်ကြီးပေါက်ကျေးရွာ၌ တောင်သူဦးဖိုးစံ စိုက်ပျိုးနေသော ပေါင်ပျိုးစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို စိုက်ပျိုးရေးကြီးကြပ်အဖွဲ့အား ပြသသည်။  ထို့နောက်  မိုးစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များနှင့်အညီ ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးနိုင်‌ရေးနှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျ အသုံးပြုနိုင်ရေးတို့ကို အကျိုးဆောင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေးသည်။

 

မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုးစပါး ၃၀၃၅၀ ဧကနှင့် မိုရာသီ သီးနှံမျိုးစုံဧက ၃၁၈၆၇ ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ် မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းထံမှ သိရသည်။

 

မောင်မောင်ဌေး(ပြန်/ဆက်)