မအီ နိုဝင်ဘာ ၁

 

မအီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့နိုဝင်ဘာ ၁ ရက်၊ နံနက် ၁၀ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကျောင်းများဖွင့်လှစ်ခဲ့ရာတွင် တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားစေနိုင်ရေးအတွက် တာဝန်ကျ ဆရာ/ဆရာမများက ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှာခေါင်းစည်း(mask)များ တပ်ဆင်စေခြင်း၊ လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် ဆေးကြောသန့်စင်စေခြင်းများ ပြုလုပ်ပြီးမှ စာသင်ခန်းရှိ သတ်မှတ်နေရာများတွင် ထိုင်စေခြင်း စသည့် ကျန်းမာရေးလုပ်ဆောင်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ မအီမြို့မ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက "ကျောင်းပြန်ဖွင့်တော့ အနာဂတ်ကလေးတွေအတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်က အောက်တိုဘာ ၂၈ ရက်နေ့၊ Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေးဗဟိုကော်မတီက ထုတ်ပြန်တဲ့ အမိန့်စာကိုတွေ့ကတည်းက ရင်ထဲမှာပျော်နေမိတာပါ။ အခုလို ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးစေခြင်းနှင့်  ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက တိုင်းပြည်ရဲ့ အနာဂတ်ရေးဟာ ပညာရေးနှင့် ဆက်စပ်နေတယ်လို့ ပြောချင်ပါတယ်။ အတန်းပညာတတ်မှ အသိပညာရပါမယ်။ အသိပညာရမှ အတတ်ပညာတတ်ကြရမှာပါ။ အသိပညာနှင့် အတတ်ပညာရှိသူများကသာ ရှေ့ဆက်ရမည့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်တာကြောင့် ကျောင်းများအမြန်ဖွင့်လှစ်နိုင်ရေးမှာ အရေးကြီးပါတယ်။ ဒါကြောင့် မြို့ပြမှသည် ကျေးလက်ဒေသအဆုံးထိ ကျောင်းများ ဖွင့်လှစ်နိုင်စေချင်ပါတယ် " ဟု ပြောသည်။

 

ယနေ့ နိုဝင်ဘာ ၁ ရက်တွင် မအီမြို့နယ်၌ ထက်/လယ်/မူ အခြေခံပညာကျောင်းပေါင်း (၂၂)ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း အဆိုပါကျောင်းအုပ်ကြီးမှ သိရသည်။

 

မောင်မောင်ဌေး(ပြန်/ဆက်)