မအီ ၇ အောက်တိုဘာ
မအီမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ် မြေနေရာကို ယမန်နေ့ နံနက်ပိုင်းက မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၊ အဂ္ဂမဟာကမ္မ ဌာနစရိယ ဦးဆောင်ကြီးမှူးပြီး မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ ပူးပေါင်းလိုက်ပါ၍ မအီမြို့၏ တောင်ဘက်၊ မအီ-တောင်ကုတ်လမ်း၊ လျှပ်စစ် ဓာတ်အားခွဲရုံအနီးရှိ ဖော်ပြပါမြေနေရာကို ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါမြေနေရာမှာ ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့်၊ အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်အစိုးအဖွဲ့မှ သင့်တော်သော မြေနေရာရှာဖွေမှု အပေါ်တွင် ပုဂ္ဂလိကတစ်ဦးတစ်ယောက်၏ တင်ပြချက်အား အရေးယူဆောင်ရွက်ရန်မသင့်ကြောင်း၊ အစိုးအဖွဲ့မှ ရွေးချယ်ထားသောမြေနေရာသည် ပတ်ဝန်းကျင်ရှိ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တပ်တောင်၊ အမ်းမြို့နယ်များ၏ အလယ်တွင်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ဒေသခံပြည်သူအများစု တက်ရောက်နိုင်သောနေရာဖြစ်ခြင်း၊ အခမဲ့ရရှိနိုင်သော မြေနေရာ ဖြစ်ခြင်းတို့ကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရွေးချယ်တင်ပြထားသော မအီမြို့နယ်ရှိ မြေဧရိယာ(၃၅)ဧကအပေါ်၌သာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဇူလိုင် ၂၇ ရက်က သဘောထားပြန်ကြားလာခြင်းနှင့်စပ်လျဉ်း၍ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် စက်တင်ဘာ ၇ ရက်က စာဖြင့် အကြောင်းကြားပြီးဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)


