မအီ ဧပြီ ၁၃

 

နှစ်သစ်ကူးအတားသင်္ကြန်ပွဲတော် အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ မအီမြို့ပေါ်လူငယ်များ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ ညပိုင်းက အ.ထ.က(မအီ) အားကစားကွင်း မြို့မဗဟိုမဏ္ဍပ်ရှေ့တွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နံ့သာသွေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ စတင်ဆင်းသက်လာခြင်းများနှင့် စပ်လျဉ်း၍ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နံ့သာသွေးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါနံ့သာသွေးပြိုင်ပွဲကို မအီမြို့ပေါ်ရပ်ကွက်များမှ အမျိုးသမီးကြီး/ငယ်များပါဝင်သည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ရမှတ်များကို ၎င်းတို့၏ ရုပ်ရည်သန့်ပြန့်မှု၊ ဝတ်စားဆင်ယင်မှု၊ သပ်ရပ်မှု၊ စည်းစနစ်ကျမှု၊ လျင်မြန်မှုနှင့် နံ့သာရည်၏ အရည်အသွေးအပေါ် မူတည်၍ အမှတ်ပေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲတွင်  ဆုရရှိသည့်အသင်းများကို ပထမဆု ကျပ်(၁)သိန်း၊ ဒုတိယဆု ကျပ်ငါးသောင်းနှင့် တတိယဆု ကျပ်သုံးသောင်းတို့ကို သတ်မှတ်ပေးထားပြီး အဆိုပါဆုများကို သင်္ကြန်အကြိုနေ့(ယနေ့)တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး နံ့သာသွေးပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဖော်ပြပါ နံ့သာသွေးပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်ဌေး(ပြန်/ဆက်)