နေပြည်တော် စက်တင်ဘာ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ ကျင်းပသော မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ Skills Dissemination Training on Industrial Internet of Things (IIoT) နှင့် Automation Technology သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအကြား ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့် ယုံကြည်နားလည်မှုများကိုပါ တည်ဆောက်နိုင်ခဲ့မည်ဟု ယုံကြည်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ဤစွမ်းရည်မြှင့်သင်တန်းမှ လေ့လာသိရှိမှုများကို အခြေခံ၍ ပိုမိုတတ်ကျွမ်းပိုင်နိုင်အောင် ဆက်လက်လေ့လာသွားရန်၊ လုပ်ငန်းခွင်၌ အကျိုးရှိရှိ ပြန်လည်အသုံးချရန်နှင့် လုပ်ဖော်ကိုင်ဖက်များကိုပါ မျှဝေပေးသွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

ထို့နောက် မဲခေါင်ဒေသတွင်း နိုင်ငံများမှ သင်တန်းသားများက သင်တန်းတွင် နည်းပညာဖလှယ်ခဲ့မှုများနှင့် လေ့လာခဲ့မှု အတွေ့အကြုံများကို  ပြောကြားကြပြီး ဒုတိယဝန်ကြီးက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်