နေပြည်တော် ဇူလိုင် ၂၇

မဲခေါင်-လန်ချန်း MSME များ ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖိုရမ်သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်း ကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းဒေသမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ဒီဂျစ်တယ်နည်းပညာများသည် MSME များအတွက် ကြီးမားသော အခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး ၎င်းတို့၏လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ စျေးကွက်အသစ် များသို့ တိုးချဲ့ခြင်းများကို လွယ်ကူချောမွေ့စေပါကြောင်း၊ MSME လုပ်ငန်းရှင်များ အနေဖြင့် ဒီဂျစ်တယ်ဈေးကွက်ကို ပိုင်နိုင်စွာဆောင်ရွက်နိုင်လျှင် ဈေးကွက်သစ် (သို့မဟုတ်) ဈေးကွက် ဝေစု ပိုမိုရရှိမည့်အပြင် ကမ္ဘာအနှံ့ရှိ ဝယ်ယူသုံးစွဲသူများနှင့် အချိန်တိုအတွင်း လွယ်လင့်တကူ ဆက်သွယ်ရောင်းချနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြေားကြာသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Counsellor Mr. Ouyang Daobingက လွန်ခဲ့သည့် (၇)နှစ်ခန့်မှ စတင်ခဲ့သော မဲခေါင်-လန်ချန်း ဒေသ တွင်းနိုင်ငံများ၏ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ ကျင်းပသည့် ဖိုရမ်မှ မိမိတို့နိုင်ငံရှိ MSME များ၏ Digital အသုံးပြုမှုကို ပိုမိုမြှင့်တင်နိုင်ရေး နည်းလမ်းကောင်းနှင့် အတွေးအမြင်များ ဖလှယ်နိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများအကြား တည်ငြိမ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက် နိုင်ရေး၊ အပြန်အလှန်ယဉ် ကျေးမှုဖလှယ်နိုင်ရေးစသည့် မဏ္ဍိုင်(၃)ရပ်ဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖိုရမ်သို့တက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အဆိုပါဖိုရမ်တွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒီဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲမှုအလေ့အကျင့်များ၊ ဒီဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့် စီမံခန့်ခွဲမှု၊ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲရန် အဆင်သင့်ရှိရမည့် အချက်များ၊ ဒီဂျစ်တယ်ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့်များ၊ MSME များ၏ ဒီဂျစ်တယ် စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒီဂျစ်တယ်ကျွမ်းကျင်မှုများ၊ ဒီဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို နှစ်ရက်ကြာဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် အုပ်စုများဖွဲ့၍ ဒီဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲမှု အစီအမံများ ရေးဆွဲခြင်း၊ ဖိုရမ်မှ ထွက်ရှိလာသည့် ရလဒ်များနှင့်ပတ်သက်၍လည်း ပြန်လည် ဆွေးနွေးသုံး သပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်