နေပြည်တော် မတ် ၁၇
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သတ္တမအသုတ် စီမံကိန်းများ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေး ကနဦး မတည်ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း နည်းပညာအပါအဝင် တောင်သူ့လိုအပ်ချက် ဖြည့်ဆည်းပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း မိတ်ဘက်နိုင်ငံများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ၂၀၁၇ ခုနှစ်မှ ယနေ့ အချိန်ထိ စီမံကိန်း(၃၉)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေလျက်ရှိကြောင်း။
သတ္တမအသုတ် စီမံကိန်းများ အကောင်အထည်ဖော်ခွင့် ရရှိအောင် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းအကောင် အထည်ဖော်ကြမည့် သက်ဆိုင်ရာဌာနတာဝန်ရှိသူ အဆင့်ဆင့်တို့ကလည်း စီမံကိန်း၏ ရည်ရွယ်ချက်များအတိုင်း အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Zhang Zhonghua က ဂုဏ်ပြုစကား ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင် ကျော်မိုး နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယခု အကောင်အထည်ဖော်ဆောင်ရွက်မည့် သတ္တမအသုတ်စီမံကိန်းများတွင် ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်နီနှင့် ဂေါ်ဖီထုပ်စသည့် စားဖိုဆောင်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ ရိတ်သိမ်းပြီးနောက်ပိုင်းနှင့် စီးပွားရေး ဆန်းစစ်လေ့လာခြင်း စီမံကိန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေး ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးစီမံကိန်း၊ နေပြည်တော်ရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်း တိုးတက်လာစေရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်စေခြင်းစီမံကိန်း၊ မွေးမြူသူများ၏ အရည်အသွေး မြှင့်တင်ပေးရန်အတွက် မွေးမြူရေးသင်တန်းကျောင်း တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်