ဘားအံ ၁၅ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာနိုင်ငံ သမဝါယမအသင်းများရှိ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေးနှင့် စွမ်းရည်တည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံ သမဝါယမအသင်း၊ သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်း၊ ရန်ကုန်မှ သမဝါယမဦးစီးဌာနရုံးချုပ်နှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ကာ ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် (၂)မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂ဝ ခုနှစ်၊ ဇွန်လထိ တစ်နှစ်တာ ဆောင်ရွက်နေလျှက် ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သမဝါယမစည်းရုံးလှုံ့ဆော်လှုပ်ရှားမှု ပွဲတော်ကို ဒီဇင်ဘာ(၁၄)ရက်နေ့၊ နံနက် (၈) နာရီခွဲက ကရင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက အဖွင့်အမှာစကား ပြောကြားပြီး သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းဉက္ကဋ္ဌ ဒေါ်ခင်ခင်က ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် အမျိုးသမီးများအတွက် အသက်မွေး ပညာသင်တန်းများမှ သင်တန်းသူများအား သမဝါယမဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ၊ လျှပ်တပြက် လေ့လာမှုစွမ်းရည်ဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများ အမေးအဖြေများ ပြုလုပ်ပေးခြင်းနှင့် တေဂီတအစီအစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အမျိုးသမီးများအတွက် အသက်မွေးပညာသင်တန်းများတွင် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင် ဇာထိုးပန်းထိုး သင်တန်း၊ အိတ်ချုပ်သင်တန်း၊ ယိုစုံ/ဖျော်ရည်သင်တန်း သီရိမေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးသမဝါယမအသင်းမှ နည်းပြများက သင်ကြားပေးနေလျှက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)