နေပြည်တော် ၂၄ မတ်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေ (၂၀၂၀) ဖြင့် မြန်မာနိုင်ငံ ဝန်ကြီးဌာန ၁၀ ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရရှိသော စီမံကိန်း ၂၂ ခုအတွက် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက် လက်မှတ်ရေးထိုးကြသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တရုတ်နိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီမံကိန်း ၂၂ ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းကျော်ကို | လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ ရေအရင်း အမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက် နည်းပညာ၊ တရား ဥပဒေစိုးမိုးရေး၊ လူ့စွမ်းအားအရင်း အမြစ်၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေ (၂၀၁၇) ဖြင့် စီမံကိန်း ( ၁၀ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း ကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၁၈)ဖြင့် စီမံကိန်း ၁၉ ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ သန်းကို လည်းကောင်း မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန်း၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှု ကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ် တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ် သည်။ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်နေ့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အောက်တွင် ပေါင်းစည်း ဆက်နွှယ်ရေး၊ ထုတ်လုပ် မှုစွမ်းရည်မြှင့်တင်ရေး၊ နယ်စပ် ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဟူသည့် ဦးစားပေးနယ်ပယ် ငါးခုဖြင့် စတင်ပူးပေါင်းဆောင်ရွက်လျက်ရှိခဲ့ရာမှ နောက်ပိုင်းတွင် မဲခေါင်ဒေသ၏ လိုအပ်ချက်များအရ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင်လည်း တိုးချဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်


