နေပြည်တော် မတ် ၈

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ဒေသကြက်များမျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေ ဖေါ်ထုတ်ခြင်း ဖြင့် ဒေသကြက်မွေးမြူထုတ်လုပ်မှု ပိုမိုမြင့်မားစေခြင်း” စီမံကိန်းစတင်ကြောင်း မိတ်ဆက်ခြင်းနှင့် “ဒေသ ကြက်မျိုးမြှင့်တင်ရေးအတွက် ကြက်သားစပ်ခြင်းနှင့် ဒေသကြက်ရောဂါ စူးစမ်းရှာဖွေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သုတေသီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်လုပ်ငန်း ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ယနေ့ခေတ်တွင် ကြီးထွားနှုန်း အလွန်မြန်သည့် အသားစား ကြက်မျိုးများ မွေးမြူခြင်းကို နိုင်ငံတကာတွင် မွေးမြူလုပ်ကိုင်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ အလားတူ မြန်မာကြက် စားသုံးသူများပြားလာခြင်း၊ ဈေးကောင်းရခြင်း တို့ကြောင့် မြန်မာကြက်မွေးမြူခြင်းကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းအပြင် စီးပွားဖြစ်မွေးမြူခြင်းလည်း ဆောင်ရွက်လာလျက်ရှိကြောင်း၊ မြန်မာကြက်မွေးမြူရေးတွင် ကြုံတွေ့ရသည့် “ကူးစက်ရောဂါများ ဖြစ်ပွားခြင်း” နှင့် ကပ်ရောဂါအသွင် ဖြစ်ပွားလေ့ရှိသောကြက်လည်လိမ်ရောဂါ” အပါအဝင် အဖြစ်များသည့် ကူးစက်ရောဂါများကို  ရှာဖွေဖေါ်ထုတ်ပြီး စနစ်တကျ တားဆီးကာကွယ်ထိန်းချုပ်သွားရန် စီမံဆောင်ရွက် ခြင်းဖြစ်၍ သုတေသီများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကမြန်မာကြက် မွေးမြူလုပ်ကိုင်သူများအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရဲထွဋ်အောင်က စီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

၂၀၂၃ ခုနှစ်တွင် ကောက်ယူခဲ့သော တိရစ္ဆာန်သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် ဒေသကြက် ကောင်ရေ ၄၁ ဒသမ ၄၀ သန်းခန့် ရှိသော်လည်း တိုးပွားလာသည့် လူဦးရေနှင့် ဈေးကွက်လိုအပ်ချက်အရ ဒေသကြက် တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဒေသကြက်များ မျိုးရိုးဗီဇ အဆင့်မြှင့်တင်ခြင်းနှင့် အဖြစ်များသော ကူးစက်ရောဂါများ ရှာဖွေဖေါ်ထုတ်ခြင်း သုတေသနစီမံကိန်းတစ်ခုကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။ စီမံကိန်းတွင် ဒေသကြက်မျိုးရင်းများထက် ကြီးထွားနှုန်းပိုမြန်ပြီး အသားအရသာ ပိုမိုနူးညံ့ သော ဒေသကြက်မျိုးများရရှိရန်နှင့် ဒေသကြက်မွေးမြူရေး၌ အဖြစ်များသည့် ရောဂါများအား စနစ်တကျ ကြိုတင် ကာကွယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူ ဒေသမျိုးရင်းကြက်များဖြစ်သည့် အင်ပင်ဝ၊ လည်ပြောင်၊ စစ်တကောင်း” အပါအဝင် မြန်မာကြက်မျိုးရင်းများ၏ မျိုးရိုးဗီဇ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်းများတွင် လက်တွေ့သင်ကြားပြသမှုကို အထောက်အကူပြုစေ နိုင်မည်ဖြစ်သည့်အပြင် ဘွဲ့လွန်ကျောင်းသားကျောင်းသူများအတွက် ဘွဲ့ယူကျမ်းများပြုစုနိုင်မည့် အခွင့် အလမ်းများကိုပါ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၏ ဂျုံမျိုးသုတေသနစိုက်ခင်းများမှ ထွက်ရှိလာသော ဂျုံများကို မျိုးအလိုက် အရည်အသွေးများ သိရှိနိုင်ရန်အတွက် အစားအစာသိပ္ပံနှင့် အာဟာရဆိုင်ရာ သုတေသနဌာနစုတွင် ပေါက်စီနှင့် ကွတ်ကီးမုန့်များ စမ်းသပ်ထုတ်လုပ်နေမှုနှင့် စားသုံးမှုအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းကို လက်တွေ့စစ်ဆေး၍ လိုအပ်ချက်များ အကြံပြုဆွေးနွေးခဲ့ပြီး ရုရှားနေကြာမျိုးများ၏ ဒေသဖြစ်ထွန်းမှုကို စမ်းသပ်လေ့လာသော နေကြာမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်ကို  ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)