မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး

ညိုညိုဝင်း(ကျေးလက်ဦးစီး)

လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ်သည် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သည်။ မဲခေါင်မြစ်သည် မိုင် ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတိုက်တွင်လည်း တတိယမြောက် အရှည်လျားဆုံးဖြစ်သည်။ စတင်မြစ်ဖျားခံရာ တရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီး ဖြတ်သန်းစီးဆင်းရာ နိုင်ငံများတစ်လျှောက်တွင် မဲခေါင်ဟု အမည်သညာတွင်သောကြောင့် အမည်နှစ်မျိုးနှင့်မြစ်တစ်စင်း ဖြစ်ပေသည်။

ကျင်းဟုန်မြို့၌ စတင်ခဲ့သော သမိုင်းနောက်ခံ

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းဟုန်မြို့၌ ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန်းယမြို့၌ ပထမအကြိမ် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအဆင့် အစည်းအဝေးကို “Shared River, Shared Future” အမည် ဖြင့် ကျင်းပကာ တရားဝင်စတင်ထူထောင်ခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါသည်။

ရည်ရွယ်ပူးပေါင်းဆောင်ရွက်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်- လန်ချန်း မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်စေရန်အတွက် လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေး ကွာဟချက်ကို လျှော့ချရန်အတွက်လည်းကောင်း၊ အာဆီယံ၏အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်ရေးကို ထောက်ကူပံ့ပိုးရန် အတွက်လည်းကောင်း၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော် ရန်အတွက်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန် အတွက်လည်းကောင်း ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစပျိုးလုပ်ငန်းစဉ်များ
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းဟုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွန်ဒိုင်းတို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာအပါအဝင် မဲခေါင်နိုင်ငံများ အားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးမှ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့သွားရန် သဘောတူညီခဲ့ပါသည်။ အဆိုပါ မဏ္ဍိုင် သုံးခုမှာ-

(၁)    နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊

(၂)    စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Development) နှင့်

(၃)    လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People to People Exchanges) 
တို့ဖြစ်သည်။

နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အောက်တွင် မဲခေါင်နိုင်ငံများ၏ အစိုးရ၊ လွှတ်တော်၊ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးမှုဆိုင်ရာ အဖွဲ့အစည်းများကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သဘာဝဘေးအန္တရာယ်အစရှိသည့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား ထိရောက်စွာ တုံ့ပြန်နိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး စသည့်လုပ်ငန်းများကို အိမ်နီးချင်းကောင်း ပီသစွာဖြင့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။

စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်အောက်တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပါဝင်ရေး၊ ရေအရင်းအမြစ်ဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ဖြစ်သည်။

လူမှုရေးယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်တွင် သိပ္ပံ နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊  ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍ၊ မီဒီယာကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်သတ်မှတ် ထားပါသည်။

ဦးစားပေးနယ်ပယ်ငါးခု

ဆန်းယကြေညာစာတမ်းအရ မဲခေါင်နိုင်ငံများသည် ကဏ္ဍငါးခုတွင် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။ အဆိုပါကဏ္ဍငါးခုမှာ-

(၁)    ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊

(၂)    ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity)၊

(၃)    နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross boder economic cooperation)၊

(၄)    ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Water Resources)နှင့် 

(၅)    စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Agriculture and Poverty Reduction)
တို့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြု အကောင်အထည်ဖော်ဆောင်ရွက် သည့်ပုံစံဖြစ်၍ တရုတ်နိုင်ငံမှ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်  ထူထောင်ထားရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ အထူးရန်ပုံငွေစီမံကိန်း ၉၂ ခု အတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းရရှိခဲ့၍ ဝန်ကြီးဌာနအလိုက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါစီမံကိန်း ၉၂ ခုတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၁၈ ဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ အတွေ့အကြုံမျှဝေဖလှယ်ခြင်း ခေါင်းစဉ်ဖြင့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ယင်းစီမံကိန်းမှ မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ ရရှိခဲ့ပါသည်။ ၎င်းအပြင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုအခြေအနေ များကြောင့် မူလစီမံကိန်း ဒီဇိုင်းပြောင်းလဲ ရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကျဆင်းမှု ပြန်လည်ကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော Cash for Work စီမံကိန်းနှင့် Village Revolving Fund Project စီမံကိန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေ ၂၀၂၂ ဖြင့် စီမံကိန်း ၂၂ ခု ခွင့်ပြုခဲ့ရာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် အောက်ပါစီမံကိန်းလေးခုကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ သန်းဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်၍ စီမံကိန်းကာလ နှစ်နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၀၆၀၀ ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ပြည်သူအခြေပြု ရေသန့်စင်စနစ် ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၉၁၀၀ ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာတွင် အသေးစားဆိုလာမီးလင်းရေးနှင့် ရေရရှိရေးစီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၄၄၆၀၀ နှင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာတွင် အသေးစား ဆိုလာမီးလင်းရေးနှင့် ရေရရှိရေး စီမံကိန်းကို ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၇၇၈၀၀ ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါစီမံကိန်းလေးခုအနက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် ကျေးရွာ ကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံ၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ၊ အသက်မွေးဝမ်း ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အတွေ့အကြုံမျှဝေခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” သည် ယခင်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ(IPRCC) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်းမှ ရရှိလာသော အကျိုးရလဒ်များကို အခြေခံ၍ စီမံကိန်းပုံစံရေးဆွဲကာ ဆောင်ရွက်သွားမည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

စီမံကိန်းကို ဒေသခံပြည်သူများ၏ လူနေမှု အဆင့်အတန်းနှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန်၊ မဲခေါင်−လန်ချန်းနိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ ရည်ရွယ်ချက်များဖြင့် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေပြီး မိသားစုဝင်ငွေတိုးပွားလာ စေခြင်း၊ ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်းနှင့် ဈေးကွက်ချိတ်ဆက် ခိုင်မာ အားကောင်းလာစေခြင်း၊ ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာခြင်းနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာစေခြင်း၊ ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးလက်လူမှု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များ မြင့်မားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာစေမည်ဖြစ်ပါသည်။

စီမံကိန်းအကြိုလုပ်ငန်းများ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ယခုစီမံကိန်းအား အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကျေးရွာ ရွေးချယ်အတည်ပြုခြင်း၊ စီမံကိန်းကော်မတီ များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်သတ်မှတ်ခြင်း၊ ရွေးချယ်ထားသော စီမံကိန်းကျေးရွာ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများအား ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ခြင်း (Feasibility Study) များ ပြုလုပ်ခြင်း၊ Feasibility Study အရ ထွက်ပေါ်လာသော အချက်အလက်များကို အခြေခံပြီး ကျေးရွာနှင့်ညှိနှိုင်း၍ ကျေးရွာသူ ကျေးရွာသားများ၏ သဘောတူညီချက်နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဒီဇိုင်းရေးဆွဲ ခြင်း၊ စီမံကိန်းလုပ်ငန်းများ လျာထားသတ်မှတ်ခြင်း၊ တိုင်းတာတွက်ချက်ခြင်း၊ လုပ်ငန်းအလိုက် ရန်ပုံငွေလျာထားသတ်မှတ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စီမံ ခန့်ခွဲခြင်းလုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ပါသည်။

ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်သတ်မှတ်ခြင်း
စီမံကိန်းလုပ်ငန်းများအား စီမံကိန်း Work Plan နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းစီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုစနစ်သည် အလွန်အရေးကြီးလှပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းကော်မတီများအား အဆင့်ဆင့်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)တွင် စီမံကိန်းဦးဆောင်ကော်မတီ ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့အောက်တွင် စီမံကိန်းစီမံ ခန့်ခွဲမှုအဖွဲ့အား ဖွဲ့စည်းထားရှိပါသည်။ စီမံကိန်း ဦးဆောင်ကော်မတီအနေဖြင့် စီမံကိန်း၏မူဝါဒပိုင်း ဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှုပြုခြင်း၊ စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်း အစီအစဉ်များရေးဆွဲချမှတ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်းနှင့် စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

၎င်းအပြင် မြို့နယ်အဆင့်တွင် စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး စီမံကိန်းအစီအစဉ်အရ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကောင်အထည်ဖော်ခြင်း၊ ဝယ်ယူရေး ဆိုင်ရာကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လစဉ်တင်ပြအစီရင်ခံခြင်း၊ ကျေးရွာနှင့်ဆက်စပ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများအကြား ပေါင်းစပ် ညှိနှိုင်းပေးခြင်း၊ နည်းပညာအကူအညီများ ရယူခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကျပြီး အရေးကြီးဆုံးအဖွဲ့ဖြစ်သည့် ကျေးရွာအဆင့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့မှာလည်း ကျေးရွာသူ ကျေးရွာသားများအား စီမံကိန်းတွင် တက်ကြွစွာ ပူးပေါင်းလာစေရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်း၊ စီမံကိန်းလုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဝေဖန်အကြံပြုခြင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ
စီမံကိန်း၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် လူမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် စီမံကိန်း၏ အဓိကလုပ်ငန်းများ ဖြစ်သည့် အခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် စောင့်ကြည့် လေ့လာအကဲဖြတ်ခြင်း လုပ်ငန်းများ၊ အတွေ့အကြုံ မျှဝေဖလှယ်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရေးလုပ်ငန်း များကို ဘက်စုံထောင့်စုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် စီမံကိန်းအစီအစဉ်အရ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကျေးရွာ၏ တည်နေရာနှင့် မြေပြင်အခြေအနေအရ ကိုက်ညီသောလုပ်ငန်းများနှင့် ကျေးရွာ၏အခြေခံရှိပြီးသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွား ရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ၏အခြေခံရှိပြီးသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား  ဆောင်ရွက်ပေးခြင်း၊ ယင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံနှင့် လူမှုအခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ အသင်းအဖွဲ့များဖွဲ့စည်းပေး၍ အစုအဖွဲ့ဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန် ဆောင်ရွက်ပေးခြင်း၊ စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သောသွင်းအားစုများ ပံ့ပိုးပေးခြင်း၊ နည်းပညာနှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန် သင်တန်းပို့ချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သော စွန့်ပစ် အမှိုက်စီမံခန့်ခွဲခြင်းနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကျေးရွာ၏ထုတ်ကုန်များအား ဈေးကွက်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအတွက် အတွေ့အကြုံမျှဝေဖလှယ်ခြင်းနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆီသို့ 
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွာသစ် ကျေးရွာ၌ ဆောင်ရွက်မည့် မဲခေါင်- လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ စံပြကျေးရွာထူထောင်ရေး စီမံကိန်း အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ပေးမည့် ပြည်သူအခြေပြု ရေသန့်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး၊ အသေးစား ဆိုလာမီးလင်းရေး လုပ်ငန်းမှရရှိလာသော အတွေအကြုံကောင်းများကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် အသုံးပြု၍ စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။